◾️ မြန်မာ့ရွေးကောက်ပွဲအပေါ် အာဆီယံမိသားစုများ၏ နားလည်မှု၊ ပံ့ပိုးမှုနှင့် အပြုသဘော ဆောင်သည့် ထိတွေ့ဆက်ဆံမှုများကို တန်ဖိုးထားကြောင်းပါ ပြောကြား
၂၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည် ထူထောင်ရန် အရေးကြီးသည့် မှတ်တိုင်တစ်ခုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယမန်နေ့က ကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မိန့်ခွန်းပြောကြားချိန် ထည့်သွင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက်ခဲ့ပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပို့ဆောင်ရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပြန်လည်ထူထောင်ရန်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် အရေးကြီးသည့် မှတ်တိုင်တစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အပြင် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲအပေါ် အာဆီယံမိသားစုများ၏ နားလည်မှု၊ ပံ့ပိုးမှုနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများကို တန်ဖိုးထားပါကြောင်းနှင့် အာဆီယံအနေဖြင့် ပိုမိုခိုင်မာစည်းလုံးညီညွတ်ပြီး အနာဂတ်ကာလတွင် ရှေ့ကိုမျှော်မှန်းနိုင်သည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးတို့အနေဖြင့် မိမိတို့နိုင်ငံကို စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယင်းအပြင် အာဆီယံကို တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် ဒေသတစ်ခုအဖြစ် တည်ဆောက်ရန်ဆိုသည့် တူညီသောမျှော်မှန်းချက်ကို အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ရန် တိုက်တွန်းလိုကြောင်းပါ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
