Photo-USDP News
၁၈.၁၁.၂၀၂၅
Written by NYL
လူတချို့ နိုင်ငံရေးကို လုပ်စားနေပြီး နေရာရရှိရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ်၊ ပြည်သာယာရပ်ကွက်တွင် မဲဆန္ဒရှင်များနှင့် နိုဝင်ဘာ ၁၇ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လွှတ်တော်ထဲသို့ လူကောင်းသူကောင်းများနှင့် ရပ်ကွက်အကျိုး၊ ရွာအကျိုး ထမ်းဆောင်ချင်သူများ ရောက်သွားရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားခဲ့သည်။


“အရေးကြီးတာက လွှတ်တော်ထဲကို လူကောင်းသူကောင်းတွေ ရောက်သွားဖို့လိုတယ်။ တကယ် ရပ်ကျိုးရွာကျိုးကို ထမ်းဆောင်ချင်တဲ့သူတွေ ရောက်သွားဖို့လိုတယ်။ တချို့တွေက နိုင်ငံရေးကို လုပ်စားတာ။ နိုင်ငံရေးမှာ ဒီလိုနေရာတွေရဖို့အတွက်ကို လုပ်သွားတာ။ ဒီဒေသ၊ ဒီလူ၊ ဒီမိသားစုတွေအတွက် စဉ်းစားလို့ ဝင်လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ အရေးကြီးတာက နိုင်ငံရေးလုပ်မယ်ဆိုတာ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံ လုပ်ချင်တဲ့ဆန္ဒ၊ ပရဟိတစိတ်ရှိမှရမယ်။ အတ္တဟိတနဲ့ နိုင်ငံရေးကို လာလုပ်ရင်တော့ တစ်ပွဲတိုးပဲ ဖြစ်သွားမှာ”ဟု ဦးသောင်းအေးက ပြောကြားခဲ့ကြောင်း USDP News တယ်လီဂရမ်တွင် ဖော်ပြထားမှုအရ သိရသည်။
ကိုယ်စားလှယ်အဖြစ် မဲပေးရွေးချယ်ပြီးမှ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒများကို လွှတ်တော်ထဲမပို့နိုင်သူများဖြစ်နေလျှင် ရွေးချယ်မှုသည် အလကားသာဖြစ်မည်ဟု ဦးသောင်းအေးက ထပ်မံပြောကြားခဲ့သည်။
“ပြီးသွားရင်လည်းပဲ ခုနက ကိုယ်စားလှယ်ဆိုတဲ့ တာဝန်ဖြစ်တဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ထဲကို မပို့နိုင်တဲ့လူတွေဆိုရင် ကျွန်တော်တို့ ရွေးလိုက်တာ အလကားပဲ ဖြစ်မှာ။ ဒါလေးကို ကျွန်တော် အလျဉ်းသင့်လို့ ပြောပြချင်တာ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွန့်(FPTP)နှင့် ဒေါ်သန်းသန်းအေး(PR) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန်ယူထားသူတစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင်လည်း ပျော်ဘွယ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။



