၁၈.၁၁.၂၀၂၅
Written by NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နိုဝင်ဘာ ၁၇ ရက်က ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်သူများနှင့်မိတ်ဆက်ခဲ့ပြီး ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။





မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အေးကြည်ကုန်းကျေးရွာ အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲတွင် တံတားဦးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးကျော်မိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးဝင်းမင်းထွန်းတို့ကို ပါတီဥက္ကဋ္ဌ ဦးခင်ရီက တစ်ဦးချင်းစီမိတ်ဆက်ပေးခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ဦးခင်ရီက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။







အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တံတားဦးမြို့နယ်အတွင်း ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၈၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း USDP News က ဖော်ပြခဲ့သည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းလည်း နယ်မြေဆင်းစည်းရုံးမှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်က ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဘုရားကြီးမြို့ရှိ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
