◾️ သတိပေးမှုဖြင့်မရပါက မလိုက်နာသူများကို Black List စာရင်း ထည့်သွင်းမည်
၁၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
ပဲမျိုးစုံအရောင်းအဝယ်အား ကုန်ပစ္စည်းမပါဘဲ အလျော်အစားငွေဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း (လေရောင်း/လေဝယ်) အား လုံးဝ(လုံးဝ) မပြုလုပ်ကြရန် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သတိပေးထုတ်ပြန်ထား သည်။
ပဲမျိုးစုံရောင်းဝယ်ရာတွင် ဈေးကောင်းရမည်ဆိုသည့် မျှော်မှန်းချက်ဖြင့် ကုန်ပစ္စည်းမပါဘဲ လေရောင်း/လေဝယ်များ ဆောင်ရွက်ထားခဲ့ကြပြီး ဈေးကွက်အခြေအနေအရ ဈေးနှုန်းကျဆင်းချိန်တွင် ကုန်သည်များအချင်းချင်း ကတိမတည်မှုများဖြစ်ပေါ်ကာ ပဲမျိုးစုံဈေးကွက်အခြေအနေအား ထိခိုက်လာမှုများရှိနေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)တို့က နိုဝင်ဘာလ ၁၁ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့သည်အထိ ပြည်တွင်း/ပြည်ပ ပဲမျိုးစုံဈေးကွက် မှန်ကန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လေရောင်း/လေဝယ်အား လုံးဝ(လုံးဝ) ပြုလုပ်ရန် သတိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အခုကတော့ ဘုရင်နောင်ပွဲရုံတို့လို၊ အခြားကုန်စည်ဒိုင်တွေပေါ့။ အသင်းအနေနဲ့ကတော့ အကြောင်းကြားထားတာ။ ဒီလိုမလုပ်ဖို့နဲ့ လုပ်လို့ရှိရင်လည်း သတင်းပေးကြဖို့ပေါ့။ သိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က သူတို့ကို ခေါ်တွေ့တာတို့။ Black List သွင်းတာတို့လို စသဖြင့်ပေါ့ Action တွေကတော့ လာမှာပေါ့။ အခုကတော့ အဲလောက်တော့ မလုပ်သေးဘူး။ သတင်းပေးတဲ့သဘောပေါ့။ အရင်လည်းဖြစ်လို့ ပြန်လုပ်ထားရတာ။ အခုရက်ပိုင်းက သိသာလာတဲ့ သဘောလေးရှိတာပေါ့။ အဲဒါကြောင့်လည်း အသင်းဘက်က Action နည်းနည်းစလုပ်တာ” ဟု မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံများ၏ FOB ဈေးနှုန်းများသည် အမျိုးအစားအပေါ် မူတည်၍ မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၆၉၀ မှ ၉၁၅ ကြား၊ ပဲတီစိမ်းတစ်တန်လျှင် ဒေါ်လာ ၈၇၀ မှ ၁၂၀၀ ကြား (ပဲတီစိမ်း SQ ဈေးနှုန်းသည် ဒေါ်လာ ၁၃၀၀ မှ ၁၄၀၀ ကြား)နှင့် ပဲစဉ်းငုံတစ်တန်လျှင် ဒေါ်လာ ၆၇၀ မှ ၉၉၀ ကြားရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။


