◾️သတင်းလိမ်လည်တင်ဆက်မှုကြောင့် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးအကျပ်အတည်းအခြေအနေထဲကိုလည်း ကျရောက်နေရတဲ့ ဘီဘီစီ
၁၆.၁၁.၂၀၂၅.
Translated by Htwe Ko Tun
ဗြိတိသျှအသံလွှင့်သတင်းဌာန ဘီဘီစီက အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ မိန့်ခွန်းဗီဒီယိုကို မှားယွင်းစွာ တည်းဖြတ်မိတယ်လို့ ဝန်ခံခဲ့ပေမယ့် ထရမ့်ပ်ရဲ့ တောင်းဆိုချက်အတွက် ဥပဒေနဲ့ညီညွတ်တဲ့ အခြေခံမရှိဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပြီးနောက်မှာတော့ သမ္မတထရမ့်ပ်က ဘီဘီစီကို လာမယ့်အပတ်မှာ နစ်နာကြေး ဒေါ်လာ ငါးဘီလျံအထိ ရလိုမှုနဲ့ တရားစွဲသွားမယ်လို့ နိုဝင်ဘာလ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ ထရမ့်ပ်ကိုထောက်ခံသူတွေက အမေရိကန်ကွန်ဂရက်အဆောက်အအုံကိုဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်က ထရမ့်ပ် ပြောကြားတဲ့မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်တာ အပါအဝင် ဘက်လိုက်ဆောင်ရွက်တယ်လို့ စွပ်စွဲချက်တွေကြောင့် ဘီဘီစီရဲ့ အကြီးတန်းခေါင်းဆောင်နှစ်ဦး ရာထူးမှ နုတ်ထွက်ပြီးနောက် ဗြိတိသျှထုတ်လွှင့်ရေးကော်ပိုရေးရှင်း ဘီဘီစီဟာ ဆယ်စုနှစ်တွေအတွင်း သူ့ရဲ့အကြီးမားဆုံးအကျပ်အတည်းထဲကိုလည်း ကျရောက်ခဲ့ရတာပါ။
ထရမ့်ပ်ရဲ့ရှေ့နေတွေက ဘီဘီစီကို သူ့ရဲ့မှတ်တမ်းထုတ်လွှင့်မှုအစီအစဉ်ကို နိုဝင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြီး ပြန်လည်ရုပ်သိမ်းပေးဖို့ ဒါမှမဟုတ် အနည်းဆုံး ဒေါ်လာ တစ်ဘီလျံ နစ်နာကြေးပေးဖို့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရမယ်လို့ ကနဦးက ပြောကြားခဲ့ကြပါတယ်။ ဒါ့ပြင် သူတို့က ဂုဏ်သိက္ခာနဲ့ ငွေကြေးဆိုင်ရာ အလွန်အမင်း ထိခိုက်နစ်နာမှုတို့အတွက် တောင်းပန်မှုပြုဖို့နဲ့ လျော်ကြေးပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ထရမ့်ပ်ရဲမိန့်ခွန်းက မှတ်ချက်တွေကို တည်းဖြတ်မိခဲ့တာ ဆုံးဖြတ်ချက်အမှား ဖြစ်ပါတယ်လို့ ဝန်ခံခဲ့တဲ့ ဘီဘီစီဟာ သမ္မတ ထရမ့်ပ်ဆီကို ကိုယ်ရေးကိုယ်တာ တောင်းပန်မှုတစ်ရပ် နိုဝင်ဘာလ ၁၃ ရက်က ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဘီဘီစီက မှတ်တမ်းအစီအစဉ်ကို နောက်ထပ် ပြန်လည်ထုတ်လွှင့်တော့မှာမဟုတ်ဘူးလို့ မပြောခဲ့သလို အသရေဖျက်မှုအတွက်တောင်းဆိုချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
ထရမ့်ပ်ကလည်း ဖလော်ရီဒါပြည်နယ်ကို ဒီရက်သတ္တပတ်အကုန်အတွက် အားလပ်ရက်ခရီး ထွက်နေတုန်းမှာပဲ”ကျွန်တော်တို့က နစ်နာကြေး ဒေါ်လာ တစ်ဘီလျံကနေ ငါးဘီလျံအထိ ရဖို့အတွက် နောက်အပတ်လောက်မှာ သူတို့ကိုတရားစွဲနိုင်တယ်” လို့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
သူက”ကျွန်တော် အဲဒီလိုလုပ်ရမယ်လို့ ယူဆပါတယ်၊ သူတို့က လိမ်လည်ခဲ့တယ်လို့တောင် ဝန်ခံထားတာပဲ။ ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို သူတို့က ပြောင်းလဲလိုက်တာပဲ”လို့ ထပ်ပြီး ပြောခဲ့ပါသေးတယ်။
ဒါ့ပြင် ထရမ့်ပ်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့ ယူနိုက်တစ်ကင်းဒမ်း နိုင်ငံ ဝန်ကြီးချုပ် ကား စတမ်မာနဲ့ စကားမပြောရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ဒီသီတင်းပတ်ကုန်မှာ ကား စတမ်မာကို ဖုန်းဆက်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ စတမ်မာကလည်း သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီး ဖြစ်ရပ်ကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
ဖြစ်ရပ်မှာ ဘီဘီစီ ရဲ့ အဓိက “Panorama” သတင်းအစီအစဉ်က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ ထရမ့်ပ်ရဲ့ မိန့်ခွန်းကနေ ဗီဒီယို ကောက်နုတ်ချက် သုံးခုကို ပေါင်းစပ်ထားပြီး သူ့အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က အဓိကရုဏ်းကို လှုံ့ဆော်ခဲ့တယ်လို့ ထင်မြင်ယူဆစေခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ ရှေ့နေတွေက ဘီဘီစီရဲ့ ဒီလုပ်ရပ်ဟာ မှားယွင်းပြီး အသရေဖျက်မှု ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
ဗြိတိန် လက်ယာယိမ်း ရုပ်မြင်သံကြားလိုင်း GB News နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ရပ်မှာ ထရမ့်ပ်က ခုလိုတည်းဖြတ်မှုက မယုံနိုင်စရာပင် ဖြစ်ရတယ်လို့ ပြောခဲ့ပြီး ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု လို့ ယူဆရလေမလား နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က “လုပ်ကြံသတင်း ဆိုတာ ဆီလျော်တဲ့အသုံးအနှုန်းတစ်ခုပါ။ဒါပေမယ့် ဒီနေရာမှာကော့ ဒါနဲ့ မလုံလောက်တော့ဘူး။ ဒါက အတုအယောင်ကို ကျော်သွားပြီ။ အဂတိလိုက်စားမှု ဖြစ်နေပြီ” လို့လည်း ပြောသွားပါတယ်။
ထရမ့်ပ်က ဘီဘီစီ ရဲ့ တောင်းပန်မှုက မလုံလောက်ဘူးဆိုတာလည်း ပြောခဲ့ပါတယ်။ သူက “မရည်ရွယ်ဘဲ ဖြစ်ရတာပါလို့ ဘီဘီစီက ပြောတယ်။ ဒါဆိုသူတို့ပြောတဲ့အတိုင်း မရည်ရွယ်ဘဲ ဖြစ်တယ်ဆိုပြီး တောင်းပန်မှာ မဟုတ်တော့ဘူးလို့ ထင်တယ်” လို့ ပြောခဲ့ပါသေးတယ်။
ဘီဘီစီ ဥက္ကဋ္ဌ ဆာမား ရှားက နိဝင်ဘာလ ၁၃ ရက်မှာ အိမ်ဖြူတော်ကို ကိုယ်ရေးကိုယ်တာ တောင်းပန်မှုတစ်ခု ပေးပို့ခဲ့ပြီး တည်းဖြတ်မှုက ဆုံးဖြတ်ချက်အမှား ဖြစ်တယ်လို့ ဥပဒေပြုအမတ်တွေကို ပြောခဲ့ပါတယ်။ နောက်တစ်နေ့တွင် ဗြိတိသျှယဉ်ကျေးမှုဝန်ကြီး လီဆာနန်ဒီက တောင်းပန်မှုသည် မှန်ကန်ပြီး လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဘီဘီစီက မှတ်တမ်းရုပ်ရှင်ကို ပြန်လည်ထုတ်လွှင့်ဖို့ အစီအစဉ်မရှိသေးပါဘူးလို့တော့ ပြောခဲ့ပါတယ်။ ဒီအငြင်းပွားမှုက ဘီဘီစီအတွက် ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး အကျပ်အတည်းအဖြစ်မြင့်တက်စေခဲ့တာတော့ အမှန်ပါ။
ဘက်လိုက်မှုနဲ့ မှားယွင်းတဲ့တည်းဖြတ်မှုစွပ်စွဲချက်တွေကြားမှာ အငြင်းပွားရာက ဘီဘီစီ ရဲ့ ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေးဗီးနဲ့ သတင်းအကြီးအကဲ ဒီဘိုရာ တန်းနက်စ် တို့လည်း အခုအပတ်ထဲမှာပဲ ရာထူးမှ နုတ်ထွက်ခဲ့ကြရပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ဘီဘီစီ အဖို့တော့ ဆယ်စုနှစ် တွေ အတွင်း သူ့အဖို့ အကြီးမားဆုံး အကျပ်အတည်းထဲကိုလည်း ကျရောက်နေရတယ်လို့သာ ဆိုရမှာပါ။
Ref- Reuters
