
၁၆.၁၁ ၂၀၂၅
Written by Hey Mar
စပါးအိတ်တွေနဲ့ အလုပ်သမားတွေ တင်ဆောင်လာတဲ့ ဂွန်ဒေါင်းနဲ့ ၁၂ ဘီးကား လမ်းကွေ့မှာ တိုက်မိမလိုဖြစ်တာကို ရှောင်တိမ်းစဉ် စပါးအိတ်တွေရဲ့ဝိတ်ကြောင့် ဂွန်ဒေါင်းတိမ်းမှောက်ပြီး လူလေးဦးလမ်းပေါ်ပြုတ်ကျရာက အဆိုပါ ၁၂ ဘီးယာဉ်နဲ့ပဲ လူတစ်ဦး ကြိတ်မိသေဆုံးခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေ ၆နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ ရင်ခုန်သံ ရှင်ကူ၊ နာကူ အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က အုတ်တွင်းမြို့ မြောက်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် မှော်ယောကွေ့ “စိန်သဇင်”ဆီဆိုင်အနီးမှာ စပါးအိတ်တင်ဆောင်လာတဲ့ ဂွန်ဒေါင်းနဲ့ တောင်ငူဘက်ကလာတဲ့ (၁၂)ဘီးယာဉ်တို့ ရုတ်တရက်မျက်နှာချင်းဆိုင်မိလို့ ဂွန်ဒေါင်းက လက်ယာဘက်ကွေ့ချလိုက်တယ်လို့ မျက်မြင်တွေရဲ့ ပြန်လည်ပြောကြားချက်အရ သိရပါတယ်။

အဲဒီလို ကွေ့လိုက်ချိန် စပါးအိတ်တွေပေါ် ထိုင်ကာလိုက်ပါလာတဲ့ စပါးလှမ်းလုပ်သား(၄)ဦးနဲ့ စပါးအိတ်တွေပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ပြုတ်ကျတဲ့ အလုပ်သမားတွေထဲက အသက် နှစ်ဆယ်ကျော်အရွယ် ကိုဉာဏ်လင်းအောင်၊ ဈေးရပ်ကွက် အုတ်တွင်းမြို့နေသူမှာ ကားလမ်းအလယ်ကိုကျတာကြောင့် သူလိုက်ပါစီးနင်းလာတဲ့ ဂွန်ဒေါင်းနဲ့ တိမ်းရှောင်လိုက်တဲ့ (၁၂)ဘီးယာဉ်ကပဲ သူ့ကို ဦးခေါင်း တိုက်ကြိတ်မိလို့ နေရာတင် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခုန်သံ ရှင်ကူ/နာကူအသင်းမှ ယာဉ် (၂)စီးထွက်ခွာကာ ယာဉ်လမ်းကြောင်းရှင်းလင်းပေးတာ တစ်စစီပြန့်ကျဲနေတဲ့ ရုပ်အလောင်းကို ကောက်ယူ သယ်ဆောင်ပြီး အုတ်တွင်းဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးတာတွေ ပြုလုပ်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

