၁၄.၁၁.၂၀၂၅
Written by Hey Mar
ပဲခူးတိုင်း၊ ရွေကျင်မြို့နယ်မှာ လက်ကမ်းစာစောင်ဖြန့်ဝေနေတဲ့ ပြည်ခိုင်ဖြိုးပါတီအမှုဆောင်အမျိုးသမီးကို NLD ပါတီဝင်အမျိုးသားတစ်ဦးက ဓားမနဲ့လိုက်လံခုတ်မှု ဒီနေ့နိုဝင်ဘာ ၁၄ နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ရွေကျင်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်အရ ရွေကျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဦးဆောင်ပြီး ရွေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာတောင်ခြမ်းရှိ ဦးနိုင်ဦးဆိုသူ ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ်မှာ မဲဆွယ်စည်းရုံးဆောင်ရွက်ရာ ကျေးရွာအတွင်းရှိ ပြည်သူတွေ အဆိုပါ ဟောပြောပွဲ တက်ရောက်နားထောင်ပေးနိုင်ဖို့ အတွက် ဒေါ်အမာစိန်(၅၂)နှစ်၊ (ဘ)ဦးလှမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ရပ်/ကျေး) အမှုဆောင်၊ အနောက်ဘက်ကျေးရွာနေသူကို ပါတီကိုယ်စားလှယ်လောင်းတွေက တရားဝင်တာဝန်ပေးချက်အရ တစ်အိမ်တက်ဆင်းလိုက်လံကာ ခြံပြင်ကနေ ဖိတ်ကြားခြင်း၊ ကျေးရွာအတွင်းမှာ ပါတီလက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်းတွေ ဆောင်ရွက်ခဲ့ကာ ဟောပြောပွဲကျင်းပရာနေအိမ်ဆီ ဒေါ်အမာစိန် ပြန်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ပြန်လာစဉ် နံနက် ၁ဝ နာရီ ၁၀ မိနစ်အချိန်ခန့်မှာ မဲဆွယ်စည်းရုံးဟောပြောပွဲပြုလုပ်နေတဲ့ ဦးနိုင်ဦး နေအိမ်ရဲ့ အနောက်တောင်ဘက်ရှိ လမ်းမကြီးပေါ်မှာ ဒေါ်အမာစိန်ကို တစ်ရွာတည်းနေထိုင်သူ NLD ပါတီဝင်ဖြစ်သူ ဝင်းဦး(ခ)ဘက်ဟိုး(၄၂)နှစ်၊ (ဘ) ဦးရွှေသိန်းက မဲဆွယ်စည်းရုံးဟောပြောပွဲအား ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ဟန့်တားနှောင့်ယှက်တဲ့ သဘောနဲ့ အရိုး(၅) လက်မခွဲခန့်၊ အသွား(၉) လက်ခွဲခန့်ရှိ ဗျက်(ဓားဦးပိုင်း) (၂)လက်မခွဲခန့်၊ (အရင်းပိုင်း)၊ (၁)လက်မပတ်လည်ခန့်ရှိ ဝါးရိုးတပ်ဓားမနဲ့ အနောက်ကနေ (၂)ကြိမ် လိုက်လံခုတ်ခဲ့ရာ ဒေါ်အမာစိန်မှ အသံကြားပြီး လှည့်ကြည့်ကာ တိမ်းရှောင် ထွက်ပြေးနိုင်ခဲ့တာကြောင့် နောက်ကျောဘက်မှ ၎င်းဝတ်ဆင်ထားသော အင်္ကျီရဲ့ ယာဘက်လက်ပြင်နားကိုသာ ထိမိပြီး မစိုးရိမ်ရ ပွန်းခြစ်ဒဏ်ရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် တရားခံကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ လိုက်ပါစောင့်ကြပ်နေတဲ့ လုံခြုံရေးအဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံဓားနဲ့အတူ ရွှေကျင်ချောင်းဘေးမှာ ဖမ်းဆီးရမိခဲ့တာကြောင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်းအားဘကျူးလွန်ခဲ့ ဝင်းဦး(ခ)ဘက်ဟိုးကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ရွေကျင်မြို့မရဲစခန်းက (ပ) ၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၄၂(က) အရ အမှုဖွင့်ဖမ်းဆီး အရေးယူစစ်ဆေးနေကြောင်း သိရှိရပါတယ်။
