သက်တန့်
၁၂. ၁၁. ၂၀၂၅
အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် သူမအား မုဒိမ်းကျင့်ခဲ့သည့် ထိုင်းနိုင်ငံသားအား ၎င်း၏ Facebook အကောင့်အချက်အလက်များကို သူမနှင့် မျှဝေရန် လှည့်စားနိုင်ခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များက သံသယရှိသူမုဒိမ်းတရားခံအား နိုဝင်ဘာလ ၁၁ ရက်နေ့က အလွယ်တကူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ မြန်မာအမျိုးသမီးငယ်သည် နိုဝင်ဘာ ၁၁ ရက်ကူးစ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် နံနက် ၁၀ နာရီတွင် နောင်ချောက်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ပြုကျင့်ခံရသူက ရဲအရာရှိများကို တိုင်ကြားချက်ပေးသည်မှာ သူမ အလုပ်မှအပြန် ဘန်ကောက်မြို့ရှိ မစ်မိုက်ထရီလမ်းအတိုင်း လမ်းလျှောက်လာစဉ် သံသယရှိသူဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ရေဝပ်ဟု နောက်ပိုင်းမှ သိရသူက မော်တော်ဆိုင်ကယ်ဖြင့် သူမထံ ချဉ်းကပ်လာကြောင်း၊ ၎င်းက သေနတ်ဖြင့်ချိန်ကာ ဆိုင်ကယ်ပေါ်မလိုက်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ခြိမ်းခြောက်မှုကို ကြောက်ရွံ့သဖြင့် အမျိုးသမီးလည်း လိုက်ပါသွားခဲ့ရရာ ထိုအမျိုးသားက အမည်မမှတ်မိသော အပန်းဖြေစခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင်လည်း သေနတ်ဖြင့် ဆက်လက်ခြိမ်းခြောက်ကာ မုဒိမ်းကျင့်ခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်ခံရပြီးနောက် မြန်မာအမျိုးသမီးက အားရ ကျေနပ်ဟန်ဆောင်ကာ နောင်တွင် ဆက်သွယ်နေနိုင်ရန်အတွက် ရေဝပ်အား ၎င်း၏ Facebook အကောင့် အချက်အလက်များကို တောင်းခံခဲ့သည်။ ရေဝပ်ကလည်း သံသယမရှိဘဲ ၎င်း၏ အကောင့် အချက်အလက်များကို မျှဝေပေးခဲ့ပြီးနောက် လွှတ်ပေးခဲ့ရာ သူမက ရာဇဝတ်မှုအား တိုင်ကြားရန်အတွက် သက်သေအထောက်အထားများ ရရှိခဲ့သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က မုဒိမ်းတရားခံ၏ Facebook ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ ရေဝပ်အား ၎င်း၏ ဖာဒန်းဖန်လမ်းရှိ နေအိမ်၌ ခြေရာခံဖမ်းဆီးခဲ့သည်။ ထို့အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော .38 သေနတ်တစ်လက်နှင့် အနီ-အဖြူရောင် Honda Wave 100i မော်တော်ဆိုင်ကယ်တစ်စီးကိုလည်း သက်သေခံပစ္စည်းအဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။

မတ်တီချွန်သတင်းအရ ရေဝပ်သည် အွန်လိုင်းလောင်းကစားမှငွေရှာပြီး ရသည့်ငွေဖြင့်စိတ်ကြွဆေး (Methamphetamine) သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဆေးသုံးပြီးနောက် လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒများ ဖြစ်ပေါ်လာပြီး ယင်းကဲ့သို့ ကျူးလွန်မိခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့က မုဒိမ်းတရားခံကို ဆီးစစ်ဆေးမှု ပြုလုပ်ခဲ့ရာ တရားခံသည် စိတ်ကြွဆေး သုံးစွဲထားကြောင်း အတည်ပြုနိုင်ခဲ့သည်။ တရားခံသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၇၆ အရ မုဒိမ်းမှုအတွက် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၄ နှစ်မှ ၂၀ နှစ်အထိနှင့် ဘတ် ၈၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်သည့်အပြင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေ ပုဒ်မ ၁၆၂ အရ အမျိုးအစား ၁ မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် တစ်နှစ်အထိအပြင် ဘတ် ၂၀,၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်သည်ဟု သိရသည်။
Ref, The Thaiger
