၁၂.၁၁ .၂၀၂၅
Written by Hey Mar
ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ ဗီဇာ၊ ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါ အခကြေးငွေယူ ဝန်ဆောင်မှုပေးတဲ့ ဘန်ကောက်မြို့၊ ဖရာခနောင်းမြို့နယ်ရှိ လင်းနကုမ္ပဏီပိုင်ငွေကြေး ဘတ်သိန်းတစ်ရာကျော်နဲ့ ရွှေ သုံးဆယ်သားခန့်ကို ရင်းနှီးတဲ့သူငယ်ချင်းတွေကပဲ ခိုးယူထွက်ပြေးခဲ့တာကြောင့် ဖရာခနောင်းမြို့နယ်ထိုင်းရဲတပ်ဖွဲ့က အမှုလက်ခံပြီး နာရီပိုင်းအတွင်း ခြေရာခံနိုင်ခဲ့ကာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရွှေနဲ့ ငွေသားတန်ဖိုး မြန်မာငွေ သိန်းပေါင်းနှစ် သောင်းခန့်ကို ခိုးယူသွားသူတွေက လင်းန ကုမ္ပဏီကိုင်ရှင် မဇာဇာလင်းရဲ့ အရင်းနှီးဆုံးသူတွေပဲလို့ သိရပြီး မဇာဇာလင်း အလုပ်ကိစ္စနဲ့ ချွန်ပူရီခရိုင်ဘက်ကို ထွက်ခွာသွားစဉ် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလင်မယားကပဲ ဝင်ရောက် ဖောက်ထွင်းခိုးယူသွားတာလို့ ဆိုပါတယ်။ သူတို့လင်မယားက မကြာခဏ မဇာဇာလင်း နေထိုင်ရာ ကွန်ဒိုဆီ လာရောက်လည်ပတ်လေ့ရှိတာမို့ ကွန်ဒိုရဲ့အောက်က ဝင်ထွက်တဲ့တံခါးနဲ့ ဓာတ်လှေကားအသုံးပြုလို့ရတဲ့ Key Card ကိုပေးထားကြောင်း မဇာဇာလင်းက လူမှုကွန်ရက်မှာ ရှင်းပြထားပါတယ်။ ဒါပေမယ့် သူ့အခန်းဝင်ထွက်ခွင့် Password တွေကိုတော့ မပေးထားဘူးလို့လည်း ဆိုပါတယ်။ အဆိုပါ ဝင်ရောက် ခိုးယူသူတွေက ကွန်ဒိုရဲ့ဝရန်တာဘက်ကနေ တံခါးဖျက်ကာ ဝင်ရောက်ခိုးယူသွားတာဖြစ်ကြောင်း ဆိုပါတယ်။

“၉ ရက်နေ့တုန်းကပေါ့။ လင်းန ချွန်ပူရီကိုသွားမယ်ဆိုပြီး လင်းနတို့ ဂရုထဲက သူငယ်ချင်းတွေကိုပြောလိုက်တယ်( Online chat group) ။ အဲ့ဒီသူငယ်ချင်းက ဒီအခွင့်အရေးကို ဘယ်ကတည်းက သူစောင့်နေလဲတော့ မသိဘူးပေါ့နော်။ လင်းနသွားတဲ့ ၉ ရက်နေ့ ညမှာပဲ သူက လင်းနရဲ့ အခန်းကို ဖောက်ဝင်တာပါ။ လင်းနတို့ ဆယ်ရက်နေ့ည ၁၂ နာရီကျော်လောက်မှာ ချွန်ပူရီက ပြန်ရောက်တာပါ။ ရောက်ရောက်ချင်း ပစ္စည်းပျောက်လို့ ပျောက်မှန်းလည်း မသိသေးပါဘူး။ အိပ်ခန်းထဲ တော်တော်နဲ့ မဝင်သေးဘူး။ နောက်တော့ တော်တော်ကြာမှ အိပ်ခန်းထဲဝင်မှ ဝင်တာနဲ့ ပစ္စည်းတွေပျောက်မှန်းသိတာပေါ့နော်။ အဲ့ဒီမှာ အစ်ကိုလိုရင်းနှီးတဲ့ သူတစ်ဦးဆီ ဖုန်းဆက်ပြီး ပြီးမှ ပုလိပ်ဆီကိုပါဖုန်းဆက်တော့ ပုလိပ်တွေကလည်း ပျောက်ဆုံးတန်ဖိုးများတော့ ချက်ချင်းရောက်လာကြပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရှင်းပြထားပါတယ်။

ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့မှ အကြီးအကဲတွေ ဦးဆောင်တဲ့ တပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား ၃ ဦးကို ဖက်ချ်ဘူရီခရိုင်ရှိ ဟိုတယ်တစ်ခုမှာ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဖမ်းဆီးရေး လုပ်ငန်းစဉ်ကို မြို့တော်ရဲဗျူရိုမှ ဒုတိယကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး ဆီယမ် ဘန်ဆမ် ဦးဆောင်တဲ့ ဖမ်းဆီးရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ ဖက်ချ်ဘူရီခရိုင်ရှိ ဟိုတယ်တစ်ခုကို စီးနင်းဝင်ရောက်ကာ ဖောက်ထွင်းခိုးယူသူ ၃ ဦးကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“လင်းနတို့ကို ရင်းနှီးသူတွေက သံသယရှိသူတွေကိုမေးတယ်။ လင်းနတို့က သံသယရှိတာကတော့ လင်းနသူငယ်ချင်း လင်မယားအတွဲပေါ့နော်။ သူတို့ရဲ့ ဖုန်းနံပါတ်တွေနဲ့ Facebook အကောင့်တွေပေးလိုက်တဲ့အခါ ခြေရာခံလိုက်တာပါ။ ဒီလူတွေ ဘယ်နေရာမှာရှိနေတယ်ဆို တန်းပြီး သိသွားပါပြီ။ ညတွင်းခြင်းမို့ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဖို့ မဖြစ်နိုင်တဲ့အတွက် ရဲတွေက သူတို့အဖွဲ့အစည်းနဲ့ သူတို့ အဆင့်ဆင့် စောင့်ကြည့်နေကြပါတယ် ဟိုတယ်ကို” လို့ လင်းန ကုမ္ပဏီပိုင်ရှင် မဇာဇာလင်းက ဆိုပါတယ်။
ဖမ်းဆီးရမိပြီးနောက် ထိုင်းဘတ်ငွေ သိန်းတစ်ရာ အနက် ၈၈ သိန်းကျော် ပြန်ရခဲ့ပြီး ပစ္စည်းတွေ အကုန်ပြန်လည်ရရှိ ကြောင်းလည်း မဇာဇာလင်းက ဆိုပါတယ်။ ဖောက်ထွင်းခိုးယူသူတွေက ခိုးယူလာတဲ့ငွေတွေနဲ့ မြန်မာနိုင်ငံဆီ ငွေလွှဲထားတာ၊ iPhone နဲ့ အခြား ဆက်စပ်ပစ္စည်း အပါအဝင် ဘတ်ငွေ ဆယ်သိန်းဖိုး (မြန်မာငွေ သိန်းတစ်ထောင်ဖိုး)ခန့် သုံးစွဲထားတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိရာမှာ အထောက်အထားအဖြစ် ငွေသား ဘတ် ၈,၈၄၁,၀၀၀၊ နို့နှစ်ရောင် လက်ကိုင်အိတ်နဲ့ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ကားတစ်စီးတို့ကိုပါ တစ်ပါတည်း သိမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ရဲတပ်ဖွဲ့က ကျူးလွန်သူ ၃ ဦးကို ညအချိန် ခိုးမှုကျူးလွန်ခြင်း၊ ပစ္စည်းဥစ္စာတွေလုယက်ခြင်း၊ ကာကွယ်ရေးအတားအဆီးတွေကို ဖျက်ဆီးခြင်း၊ သက်တမ်းလွန် နေထိုင်ခွင့်နဲ့ ထိုင်းငံနိုင်ငံတွင်းရှိနေခြင်း စတဲ့ ဥပဒေပုဒ်မတွေအရ အမှုဖွင့်လှစ်အရေးယူထားပြီး ဖရာခနောင်းရဲစခန်းမှာ ထိန်းသိမ်းကာ ဆက်လက်စစ်ဆေးနေကြောင်းလည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
