၁၃. ၁၁. ၂၀၂၅
Translated by Thettant
အာဆီယံအနေဖြင့် ကြာရှည်စွာကိုင်စွဲလာခဲ့သည့် ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူဝါဒသည် အရေးယူဆောင်ရွက်မှုမပြုခြင်းအတွက် အကြောင်းပြချက်တစ်ခု ဖြစ်မသွားစေရန် ထိုမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအမ်ကက်ကောင်း ပြောကြားလိုက်သည်။

စက်တင်ဘာလတွင် ခန့်အပ်ခြင်းမခံရမီက ခေါင်းဆောင်မှုရာထူးမျိုးစုံတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် သံတမန်ဟောင်း ဝန်ကြီးက တရုတ်နှင့် အမေရိကန်တို့အကြား ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့သည် သဘောတူညီမှုရယူခြင်းနှင့်ပတ်သက်၍ ချဉ်းကပ်ပုံအသစ်ကို လက်ခံရမည်ဟု ဆိုသည်။
”ကျွန်တော်တို့ လျင်မြန်စွာတုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ အင်အားတွေကို အသုံးချဖို့လည်း လိုအပ်ပါတယ်။ အဓိကအားဖြင့်လည်း ကျွန်တော်တို့ ဘက်လိုက်မှာမဟုတ်တာ သေချာပါတယ်” ဟု စီဟာဆက်က ၎င်း၏နိုင်ငံအနေဖြင့် ဘေဂျင်းနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေးကို မျှတအောင် ထိန်းညှိပုံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်အပြင် စီဟာဆက်က “ကျွန်တော်တို့ဟာ အင်အားကြီးနိုင်ငံနှစ်ခုလုံးအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့နိုင်ငံ ဖြစ်နေဖို့ လိုပါတယ်” ဟုလည်း ဆက်လက်သုံးသပ် ပြောကြားသည်။
This Week in Asia နှင့် သီးသန့်ပြုလုပ်ခဲ့သော ကျယ်ပြန့်သည့် တွေ့ဆုံမေးမြန်းခန်းတွင် စီဟာဆက်က ထိုင်းနိုင်ငံသည် ဖိတ်ခေါ်ခြင်းခံရပါက မြန်မာ့အရေး ပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိကြောင်းနှင့် အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် တင်းမာနေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်အရေးတွင် မိုင်းရှင်းလင်းရေးသည် ဘန်ကောက်အတွက် ထိပ်တန်းဦးစားပေး အစီအစဉ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်များက အသင်းဝင်နိုင်ငံအချင်းချင်းအကြား လိုက်နာကျင့်သုံးသော ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူကို အဓိကမူအဖြစ် ကြာရှည်စွာ ကိုင်စွဲခဲ့ကြသော်လည်း ယခုအခါ ပိုမိုအရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း စီဟာဆက်က ပြောကြားခဲ့သည်။
”ဒီအခြေအနေအထိ ရောက်လာပြီဆိုရင် ကျွန်တော်တို့ ပေါင်းစည်းပြီး၊ အချင်းချင်း အမှီသဟဲပြုနေရပါပြီ။ ဒါကြောင့် ပြည်တွင်းရေးဝင်မစွက်ဖက်ရေးနဲ့ပတ်သက်ပြီး နည်းနည်းပြောင်းလွယ်ပြင်လွယ်ရှိသင့်ပါတယ်၊ ဥပမာ- ဒေသတွင်းကို ရိုက်ခတ်မှုရှိနေတဲ့ မြန်မာ့ပြည်တွင်းရေးကိစ္စလိုမျိုးမှာပေါ့” ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။
Ref: SCMP
