၁၃.၁၁.၂၀၂၅
Written by NYL
ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့မှ မဲဆန္ဒရှင်ပြည်သူများနှင့် နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပြီး ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်ခုပ်မတီးချင်နေပါစေ၊ လက်နှင့်မတားစေချင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းရင်းသားပေါင်းစုံရှိသည့်အတွက် ‘‘အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘာ မဆောင်စေချင်ဘူး” ဟုလည်း ဦးသောင်းအေးက ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် “တိုင်းရင်းသားပေါင်းစုံ ရှိတဲ့အတွက် အားလုံးက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ပဲ သွားရမယ်။ ကျွန်တော်ပြောချင်တာကတော့ အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘာ မဆောင်စေချင်ဘူး။ သူများတွေ လုပ်ကိုင်နေတာတွေကို လက်ခုပ်မတီးချင်နေပါစေ၊ လက်နဲ့တော့သွားပြီး မတားကြစေချင်ဘူး။ ဒါမှသာ တိုင်းပြည်ဟာ တိုးတက်မှာ၊ ဖွံ့ဖြိုးမှာ။ အဲ့ဒီတော့ အချင်းချင်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တကယ့် အခွင့်အရေးကောင်းတွေကို ရအောင်ရှာပြီးတော့ ကိုယ်စားလှယ်ကောင်းတွေကို တကယ်ပဲရွေးကြပါ” ဟု ဦးသောင်းအေးက ပြောကြားမဲဆွယ်စည်းရုံးခဲ့သည်။
အလားတူ ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရန် ကောင်းမွန်သည့် စေတနာစိတ်ထားဖြင့် ၀ိုင်းဝန်းဆောင်ရွက်၊ အားပေးနိုင်ကြပါစေဟု ဦးသောင်းအေးက ဆက်လက်တောင်းဆို ပြောကြားခဲ့သည်။
“ ဘယ်သူတွေ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်ကောင်းဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်တည်ဆောက်ရမှာဖြစ်တယ်။ ကိုယ်ကောင်းမှ ကိုယ်ကောင်းမယ်။ ကိုယ်ကောင်းမှ သူများကောင်းမယ်။ သူများကောင်းမှ အများကောင်းမယ်။ အများကောင်းမှ အားလုံးကောင်းမယ်။ ဒါကြောင့်မို့လို့ အရေးကြီးတာက ဘယ်သူ့ကိုမှ ဘာမှအပြစ်တင် ပြောမနေနဲ့။ ငါတို့သည် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ငါတို့ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဓာတ်တွေနဲ့ ကောင်းမြတ်မှန်ကန်တဲ့ တကယ့်စေတနာစိတ်ထားနဲ့ ရွေးကောက်ပွဲကြီးကို ဝိုင်းဝန်းအားပေးနိုင်ကြပါစေ”ဟု ဦးသောင်းအေးက ထပ်ဆင့် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွန့်(FPTP)နှင့် ဒေါ်သန်းသန်းအေး(PR)တို့သည် ပျော်ဘွယ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းကိုလည်း နိုဝင်ဘာ ၁၂ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ၎င်းကိုယ်စားလှယ်လောင်းများသည် ပျော်ဘွယ်မြို့နယ် မြင်းဘက်ရပ်ကွက်၊ ရွှေပြည်ရန်အောင်ရပ်ကွက်နှင့် မန္တလေးတန်းရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး မဲဆွယ်စည်းရုံးခြင်းနှင့် မဲပေးမှုစနစ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန် ရယူထားသူတစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင်လည်း ပျော်ဘွယ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။







