◾️ အွန်လိုင်းလိမ်လည်မှုအတွက် လိုအပ်သည့် အင်တာနက်၊ လျှပ်စစ်၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်းနိုင်ငံများမှ ရယူအသုံးပြုနေ၍ ယင်းရာဇဝတ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းပါ ပြောကြား
◾️ KK Park ရှိ အဆောက်အအုံပေါင်း ၆၂၅ လုံးအနက် ပထမအဆင့် ၁၄၈ လုံး ဖြိုချဖျက်ဆီးနေမှု၊ ဒုတိယအဆင့် ၆၂ လုံးနှင့် တတိယအဆင့် ၄၂၅ လုံး ဆက်လက်ဖြိုချသွားမည်ကိုပါ ရှင်းလင်းပြောကြား
၁၃. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ ပြင်ဆင်နေမှုအခြေအနေများအပြင် ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားမှုအခြေအနေများအား နိုင်ငံခြားရေးဝန်ကြီးဌာန နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရန်ကုန်မြို့အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့သည်။


တွေ့ဆုံစဉ် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည့် အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။
ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားခြင်း၊ ပြည်တွင်းပြည်ပမှ မီဒီယာများအား မှတ်ပုံတင်ခွင့်ပြုထားခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်နှင့် ထိတွေ့ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန် ဖိတ်ခေါ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
နယ်စပ်ဒေသများကို အခြေပြု၍ဖြစ်ပေါ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်းလောင်းကစား စသည်တို့ကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်ဆောင်ရွက်နေမှုများကို တိုက်ဖျက်နေသည့်ကိစ္စများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇,၉၈၂ ဦးအား အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများနှင့် ပတ်သက်ပြီးလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများအား တိုက်ဖျက်ချေမှုန်းနေမှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှဝင်ရောက်လာခြင်း၊ ယင်းရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများသည် အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်းနိုင်ငံများမှ အခြေခံအဆောက်အအုံများကို အသုံးပြုဆောင်ရွက်ကြောင်း တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် အဆိုပါ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၌ မထုတ်လုပ်နိုင်သည့် ဓာတုအခြေပြု မူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်နေမှုများ ထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းကို အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အလေးထားစောင့်ကြည့် အရေးယူဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားပြီး အွန်လိုင်းလောင်းကစားဂိုဏ်းများ တိုက်ဖျက်ရာ၌ ထိန်းသိမ်း၍ ပြန်လည်ပို့ဆောင်ခဲ့ရသူအချို့၏ ဖြေကြားချက်များကို ဗီဒီယိုဖြင့် ပြသရှင်းလင်းခဲ့သည်။
ထို့အတူ KK Park ရှိ အဆောက်အအုံ စုစုပေါင်း ၆၂၅ လုံးအနက် ပထမအဆင့်တွင် ၁၄၈ လုံး ဖြိုချဖျက်ဆီးနေမှု၊ ဒုတိယအဆင့်တွင် ၆၂ လုံး၊ တတိယအဆင့်တွင် ၄၂၅ လုံး ဆက်လက်ဖြိုချသွားမည့်အခြေအနေများကို ပြောကြားခဲ့ပြီး ရောက်ရှိနိုင်ငံ၊ မူရင်းနိုင်ငံနှင့် တစ်ဆင့်ခံနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်။
