၁၃. ၁၁. ၂၀၂၅
Written by NYL
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရောင်းချခဲ့သည့် အခန်းများအတွက် နေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်း အစီအစဉ်တို့အား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာခဲ့သည်။
ရိုးမရိပ်သာအိမ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချထားသည့်အခန်းများကို တန်ဖိုးငွေအကြေပေးသွင်းပြီးသူများအား နိုဝင်ဘာ ၁၇ ရက်က စတင်ပြီး နေထိုင်ခွင့်အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဦးစွာ ၆ ခန်းတွဲ ၄ ထပ်အမျိုးအစားအခန်းများမှ တိုက်အမှတ် ၅၆/၅၇/၅၈/၅၉/၆၀/ ၆၁/၆၂/၆၄/၆၅/၆၆/၆၇ တို့ကို နိုဝင်ဘာ ၁၇ ရက်တွင်လည်းကောင်း၊ ၈ ခန်းတွဲ ၄ ထပ်အမျိုးအစားအခန်းများမှ တိုက်အမှတ် ၁၉/၂၀/၂၂/၂၄ တို့ကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း၊ ၁၂ ခန်းတွဲ ၄ ထပ်အမျိုးအစားအခန်းများမှ တိုက်အမှတ် ၃၈/၃၉/၄၀/၄၁/၄၄/၄၅/ ၄၆/၄၇/၄၉/၅၀ တို့ကို နို၀င်ဘာ ၁၉ ရက်တွင်လည်းကောင်း နေထိုင်ခွင့်အကြောင်းကြားစာများ ထုတ်ပေးမည်ဖြစ်သည်။
နေထိုင်ခွင့်အကြောင်းကြားစာများကို ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အရောင်းပြခန်း)တွင် နံနက် ၁၀ နာရီမှ နေ့လယ် ၃ နာရီအထိ ထုတ်ပေးမည်ဖြစ်ပြီး ကိုယ်တိုင်ထုတ်ယူမည့်သူများအနေဖြင့် ငွေသွင်းချလံမူရင်း၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ကိုယ်စားထုတ်ယူမည့်သူများအနေဖြင့် ငွေသွင်းချလံမူရင်း၊ ကိုယ်စားလှယ်လွှဲစာမူရင်း၊ ဝယ်ယူခွင့်ရသူ၏ မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ ယူဆောင်လာမည်ဖြစ်သည်။


ဆက်လက်၍ ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ယူပြီးသူများအား အခန်းသော့ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံမည့် အစီအစဉ်လည်း တစ်ပါတည်းကြေညာထားရာ ရိုးမရိပ်သာအိမ်ရာတွင် နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ ၂၂ ရက်အထိ နံနက် ၁၀ နာရီမှ ၃ နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာတွင် အကောင်အထည်တည်ဆောက်ထားသည့် တိုက်ခန်းပေါင်း ၈၇၄ ခန်းခန့်ကို ဝင်ငွေနည်းကာ နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်များကို ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာထားကြောင်း သိရသည်။
