၁၂. ၁၁. ၂၀၂၅
Written by NYL
မန္တလေးရှိ ဝိန့်စိန်ရွှေဆိုင်မှ ရွှေ ၆ ပိဿာနှင့် ဝန်ထမ်းသုံးဦးအပြင် ကားတစ်စီးကိုပါ စစ်ကိုင်း PDF တပ်ရင်း(၁)က ဖမ်းဆီးခေါ်ဆောင်မှုဖြစ်စဉ်တွင် ရွှေ ၆ ပိဿာကို PDF ခေါင်းဆောင်နှစ်ဦးက အပိုင်စီးကာ ခွဲဝေရောင်းချကိုယ်ကျိုးသုံးရန် လုပ်ဆောင်နေဟု PDF အချင်းချင်း တိုင်ကြားစာတစ်စောင် လူမှုကွန်ရက် Facebook နှင့် တယ်လီဂရမ်တို့တွင် ပျံ့နှံထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးရှိ ဝိန့်စိန်ရွှေဆိုင်မှ ဝန်ထမ်းသုံးဦးသည် မုံရွာမြို့သို့ ရွှေပို့ရန်ကားဖြင့် အောက်တိုဘာ ၂၉ ရက်က ထွက်ခွာလာစဉ် မုံရွာ-မန္တလေးကားလမ်းပေါ် မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာအနီးတွင် လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းများပျံ့နှံ့ဖော်ပြမှုအရ သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး PDF တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးဟု ဖော်ပြထားသည့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားသည့် စာတစ်စောင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိပြီး ၎င်းဖြစ်စဉ်ကို အရေးယူပေးရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါပျံ့နှံနေသည့်စာတွင် ဝိန့်ဆိုင်ရွှေဆိုင်မှ ဝန်ထမ်းသုံးဦးနှင့် ကားတစ်စီးကို ဖမ်းဆီးပြီး ရွှေထည် ၆ ပိဿာကို ပြန်ရောင်းရန်လုပ်နေသည့် ကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန်သိရှိစေရန် တင်ပြတိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
တိုင်စာအရ အောက်တိုဘာ ၂၉ ရက်တွင် စစ်ကိုင်း PDF တပ်ရင်း(၁)အဖွဲ့မှ တပ်ခွဲမှူး ကိုပြည့်ခေါင်းဆောင်ပြီး ဝိန့်ဆိုင်ရွှေဆိုင်မှ ဝန်ထမ်းသုံးဦးနှင့် ကားတစ်စီးအပါအဝင် ရွှေထည်ပစ္စည်းတို့ကို ပဒတ္တိုင်းကျေးရွာအနီးရှိ စခန်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ၎င်းတို့ကို ပျူစောထီးအဖွဲ့နှင့် ပတ်သက်၍ဖမ်းဆီးခြင်းဖြစ်သော်လည်း အမှန်တကယ် ပါဝင်ပတ်သက်သူများမဟုတ်ကြောင်း၊ ယင်းကြောင့် ပျူစောထီးတစ်ဦး၏ကားဖြစ်ပြီး လက်နက်ခဲယမ်းများသယ်ဆောင်၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု အကွက်ဆင်၊ မှတ်တမ်းဓာတ်ပုံများရိုက်ယူကာ သတင်းလွှင့်မှုများပြုလုပ်ခဲ့ကြကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။
ထို့နောက် တပ်ခွဲမှူး ကိုပြည့်ဆိုသူနှင့် စစ်ကိုင်းခရိုင်ကွပ်ကဲရေးမှူး ကိုသန်းထိုက်ဆိုသူတို့သည် ဝိန့်စိန်ရွှေဆိုင်က သိမ်းယူထားသည့် ရွှေ ၆ ပိဿာကို စဉ့်ကူးမြို့နယ်ဘက်သို့ တိတ်တဆိတ်ရောင်းချရန် စီစဉ်လျက်ရှိပြီး ရွှေထည်အချို့ကို ယင်းတို့ဝတ်ဆင်ရန်အတွက်ယူဆောင်ထားကာ လက်အောက်ငယ်သားများကို ခွဲဝေခြင်းမရှိသဖြင့် မကျေနပ်မှုများဖြစ်ပွားလျက်ရှိကြောင်း၊ ထိုလုပ်ရပ်များကို ခရိုင်ကွပ်ကဲရေးရုံးကလည်း သိရှိထားပြီး အထက်လူကြီးများအဖြစ်မှန်ကို သိရှိစေရန် ယခုလိုတင်ပြတိုင်ကြားခြင်းဖြစ်ကြောင်း အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် လူမှုကွန်ရက် Facebook သုံးစွဲသူတစ်ဦးက ‘’အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကိုင်းခရိုင်၊ PDF တပ်ရင်း(၁) အကြမ်းဖက်အဖွဲ့က တပ်ခွဲမှူးအဆင့်ရှိကိုပြည့်ဆိုတဲ့ အကြမ်းဖက်ကောင်ခေါင်းဆောင်ပြီး ဝိန့်စိန်ရွှေဆိုင်က ဝန်ထမ်း ၃ ဦးနဲ့ ကားတစ်စီးကို ပြည်သူ့စစ်နဲ့ပတ်သက်တယ်လို့ မတရားစွပ်စွဲအကြောင်းပြုကာ မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာအနီးမှာ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ PDF အကြမ်းဖက်တွေက ကားပေါ်မှာပါသွားတဲ့ ပစ္စည်းတွေကို အစဖျောက်ပြီး အပိုင်သိမ်းဖို့ လုပ်နေတဲ့အပြင် ပြန်ပေးဆွဲ ဖမ်းခေါ်သွားတဲ့ ဝိန့်စိန်ရွှေဆိုင်က ဝန်ထမ်းတွေကိုလည်း ငွေကြေးမြောက်မြားစွာနဲ့ ပြန်ရွေးဖို့ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ တော်လှန်ရေးအကြောင်းပြပြီး ပြည်သူတွေကို ဓားပြတိုက်၊ ဆက်ကြေးတောင်း၊ မုဒိမ်းကျင့်နေတဲ့အပြင် ပြည်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ ခြိမ်းခြောက်ငွေညှစ်နေတဲ့ PDF အကြမ်းဖက်တွေရဲ့ လုပ်ရပ်ကတော့ အင်မတန်ကို အောက်တန်းကျလွန်းပါတယ်” ဟု မန္တလေးမြို့နယ်ပေါင်းစုံ သတင်းစုံ Facebook Group တွင် ရေးသားမျှဝေထားသည်။
ဆက်လက်၍ ဖမ်းဆီးခံရသည့် ဝိန့်စိန်ရွှေဆိုင်မှဝန်ထမ်းသုံးဦးသည် နိုဝင်ဘာ ၃ ရက်တွင် ပြန်လွတ်မြောက်လာကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံဖော်ပြလျက်ရှိသော်လည်း ယင်းနှင့်ပတ်သက်၍ ဖြစ်စဥ်များ မှန်မမှန် ဝိန့်စိန်ဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
