၁၂.၁၁.၂၀၂၅
Written by Hey Mar
ကားလမ်းမပေါ် အင်္ဂတေအုတ်ခဲခုကာ ခေါင်းတင်အိပ်နေတဲ့ စိတ်ကျန်းမာရေးချို့ယွင်းနေသူ အမျိုးသမီးတစ်ဦးကို ယာဉ်တစ်စီးက တိုက်ပြေးလို့ ပြင်းထန်ဒဏ်ရာတွေနဲ့ ပဲခူးဆေးရုံကြီးဆီ တင်ပို့ထားရတဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ၆ နာရီခန့်မှာ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၊ ဟုန်းကရူးအထည်ချုပ်စက်ရုံရှေ့ အနီးမှာ ဖြစ်ပွားခဲ့ပြီး ရပ်ကွက်၊ ကျေးရွာ တာဝန်သိပြည်သူတွေက သက်ဆိုင်ရာကို အကြောင်းကြားတဲ့အတွက် သက်ဆိုင်ရာက ကလျာဏမိတ္တအသင်းကို ဆက်သွယ်ကာ ဆေးရုံပို့ဆောင်စေခဲ့တယ်လို့ သိရပါတယ်။

အသင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ အမျိုးသမီးက သွေးထွက်တော်လွန်နေပြီ။ သူ့ညာဘက်ဦးခေါင်းခွံထိပ်ကနေ လန်သွားတာ။ ကယောင်ကတမ်းတွေလည်း ပြောနေတော့ ဘာမှ သေချာမေးလို့မရဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူနာကို တာဝန်ယူ ဆေးရုံတင်ပေးတယ်။ အခုတော့ ပဲခူးဆေးရုံကြီးမှာပါ။ သူက အဲ့ဒီရပ်ကွက်ထဲ လျှောက်သွားနေတာ တဲ့။ ရပ်ကွက်ထဲကတော့ မဟုတ်ပြန်ဘူးတဲ့။ ဘယ်ကလာမှန်းလဲ မသိကြဘူး။ သူအိပ်ရင် အဲ့လို ခဲပေါ် ခေါင်းအုံးပြီ ကားလမ်းပေါ် ခေါင်းတင်အိပ်နေကြပုံကို မြင်တဲ့သူ မြင်ဖူးကြတယ်။ နေ့ဘက်က ပြဿနာမကြီးပေမယ့် ဝေလီဝေလင်း အလင်းမသဲကွဲရင် အန္တရာယ်များပါတယ်” လို့ ပြောပါတယ်။
ပဲခူးဆေးရုံကြီးက လူနာကို ရန်ကုန်ဆေးရုံဆီကို လွှဲပြောင်းပေမယ့် အခုချိန်အထိတော့ လိုက်ပါနိုင်မယ့် လူနာရှင်မရှိလို့ အသင်းအနေနဲ့ ပို့ဆောင်ပေးဖို့ အခက်ကြုံနေရတယ်လို့လည်း သိရပါတယ်။
