နေမိုး
၁၂. ၁၁. ၂၀၂၅
ပြင်ဦးလွင်မြို့က အောင်စံပယ် စိန်ရွှေရတနာဆိုင်ကို ဒီနေ့မနက်ပိုင်းက လူငယ်နှစ်ဦး ဝင်ရောက်လုယက်ရာမှာ လုံးထွေးဖမ်းဆီးတဲ့ဆိုင်ဝန်ထမ်းကို ပစ်သတ်မှုဖြစ်ပွားခဲ့သလို ဒီဖြစ်စဥ်ကို ကျူးလွန်တဲ့ တရားခံတစ်ဦး ဖမ်းမိထားပေမဲ့ တစ်ဦးလွတ်မြောက်နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၈ နာရီခွဲခန့်အချိန်က မန္တလေး-လားရှိုးသွားကားလမ်းဘေး၊ နာရီစင်အနီး “အောင်စံပယ်”စိန်ရွှေရတနာဆိုင်ကို ဝန်ထမ်းသုံးဦးက ဖွင့်လှစ်ဖို့ လုပ်ဆောင်နေချိန် အင်္ကျီအဖြူလက်ရှည်နဲ့ အင်္ကျီအမည်းလက်ရှည်ဝတ်ထားတဲ့ အမည်မသိလူငယ် ၂ ဦးက Honda 110 နက်ဖြူ ဆိုင်ကယ်နံပါတ်မပါ ၁ စီးနဲ့ ဆိုင်ကယ်ဦးထုပ်ကိုယ်စီဆောင်း ဆိုင်အတွင်း သေနတ်ကိုင်ဝင်လာပြီး ရွှေထည်တွေလုယက်ချိန် ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက ဝင်ရောက်လုံးထွေးဖမ်းဆီးရာမှာ အင်္ကျီအမည်းလက်ရှည်ဝတ်ထားသူက ဝင်ရောက်လုံးထွေး ဖမ်းဆီးတဲ့ ဆိုင်ဝန်ထမ်းဖြစ်သူ ဦးစိန်ဝင်းလို့ ကနဦးသိရသူကို ပစ်သတ်ထွက်ပြေးသွားတာကြောင့် ဦးစိန်ဝင်းဟာ မျက်နှာကို သေနတ်ထိမှန် သေဆုံးသွားတယ်လို့ သ်ရပါတယ်။
ဖြစ်စဉ်မှာ သေနတ်နဲ့ပစ်ခတ်သူ အောင်မျိုးနိုင်(၃၀)နှစ် ဆိုသူကို ဖမ်းဆီးရမိထားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မီဒီယာအချို့က ပုံနဲ့တကွ ဖော်ပြနေပြီး ဒီဖြစ်စဥ်မှာ လွတ်မြောက်နေသူတရားခံတစ်ဦးနဲ့ ရွှေထည်ပါဆုံးမှုတွေ၊အသေးစိတ်ဖြစ်စဥ်တွေကို MT News က ဆက်လက်စုံစမ်းနေပြီး ထပ်ဆင့်သိရတာကို ထပ်မံဖော်ပြပေးပါမယ်။





