၁၂. ၁၁. ၂၀၂၅
Written by Nyein Kyaw
သရုပ်ဆောင် ပြေတီဦး၊ ထွန်းထွန်း၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့ အပါအဝင် ရုပ်ရှင်အနုပညာရှင် ၃၅ ဦးက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုပ်ရှင်အနုပညာရှင်များကလည်း အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်ကြရန်အတွက် ပြည်သူချစ်သော ရုပ်ရှင်အနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်မှစတင်ပြီး ရန်ကုန်မြို့ အနုပညာရပ်ဝန်း၌ ရုပ်ရှင်ဒါရိုက်တာများနှင့် အနုပညာရှင်များပူးပေါင်း၍ အသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်မှုတွင် ရုပ်ရှင်အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနှင့် ရွှေသမီးတို့က ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ လူမင်းနှင့် လွင်မိုးတို့ကိုလည်း ထုတ်ပြန်သော ပုံရိပ်များတွင် တွေ့မြင်ရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၄၆ ရက်သာ လိုတော့သည့်အတွက် ပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာတိုးပွားစေရန်နှင့် မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း ရွေးကောက်ပွဲတွင် လာရောက်မဲပေးစေရေးအတွက် အနုပညာရှင်များက ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေးတွင် ယခုကဲ့သို့ ပါဝင်ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း တေးသံရှင် အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးမြတ်အောင်၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ အိမ့်ချစ်၊ အေးမြဖြူနှင့် လိမ္မော်သီးတို့က ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဆက်လက်ပြီးလည်း ဂီတ၊ အနုပညာရှင်များစွာ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။







