၁၂.၁၁.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ မြို့တော် အစ္စလမ်မာဘတ်ရှိ ခရိုင်တရားရုံးတစ်ရုံးအပြင်ဘက်မှာ နိုဝင်ဘာလ ၁၁ ရက်က အသေခံဗုံးခွဲမှုတစ်ရပ်ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အသေခံဗုံးဖောက်ခွဲမှုအပြီး ခရိုင်တရားရုံးရဲ့အပြင်ဘက်မှာ မီးလောင်နေတဲ့ မော်တော်ယာဉ်တွေနဲ့ ရုပ်ပျက်ဆင်းပျက် ပျက်စီးနေတဲ့ မော်တော်ဆိုင်ကယ်တစ်စီးတို့ကို တွေ့ရပါတယ်။ သူတို့ရဲ့ သတ္တုဘောင်တွေဟာ ပူနွေးနေဆဲပဲဖြစ်ပြီး ဗုံးခွဲမှုဖြစ်ပွားတဲ့နေရာကို စုံစမ်းစစ်ဆေးသူတွေက ပိတ်ဆို့ထားပါတယ်။
ပါကစ္စတန်နိုင်ငံမြို့တော်ရဲ့ အလယ်၊ အဓိကကျတဲ့နေရာမှာ ရှားရှားပါးပါး ခုလိုတိုက်ခိုက်မှုကြောင့် လမ်းပေါ်မှာ သွေးတွေစွန်းထင်းနေပြီး အပျက်အစီးတွေကြားမှာ ကွဲအက်နေတဲ့ မှန်တွေကို တွေ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ရှေ့နေ ခါလစ် မန်ဒိုခယ်လ်က “အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။ သေဆုံးသူအများစုက ဘေးမှာရပ်နေသူတွေပါ” လို့ အခင်းဖြစ်ပွားရာနေရာမှာ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုမှာ ထိခိုက်ခဲ့တဲ့အပြာရောင်ရဲကားတစ်စီးကတော့ ဝင်ပေါက်မှာပဲ ပျက်စီးနေပြီး ကားရဲ့သတ္တု ကိုယ်ထည်ကို ဗုံးဆန်တွေ ထိုးဖောက်ဝင်ရောက်နေသလို ကားရဲ့တာယာတွေလည်း ကျိုးကြေနေကာ စုံစမ်းစစ်ဆေးသူတွေက ကားပေါ်က အမှတ်အသားတိုင်းကို မှတ်တမ်းတင်ရိုက်ကူးထားကြပါတယ်။
ပါကစ္စတန်တာလီဘန်အဖွဲ့မှ ခွဲထွက်အဖွဲ့တစ်ခုဖြစ်သော Jamaat-ul-Ahrar အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် အိုမာ မတ်ကာရမ် ခူရာဆာနီထံကနေ သတင်းထောက်တွေဆီ ပေးပို့ချက်တွေမှာ ဒီတိုက်ခိုက်မှုကို သူတို့အဖွဲ့က ဆောင်ရွက်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အတွင်း ဩဇာကြီးမားတဲ့ တပ်မှူး ဆာဘာကတ်ဖ် မိုမန်ကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ငြင်းဆိုမှုတွေ ပေးပို့ခဲ့ပါတယ်။
ပါကစ္စတန်အစိုးရက အာဖဂန်နစ္စတန်အစိုးရကို ပါကစ္စတန်တာလီဘန်တွေနဲ့ အခြားစစ်သွေးကြွအဖွဲ့တွေကို ခိုလှုံခွင့်ပေးထားပြီး ဒီအဖွဲ့တွေက ရှည်လျားပြီး ဝင်ထွက်ရလွယ်ကူတဲ့ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့်ဒီစွပ်စွဲမှုကို အာဖဂန်အစိုးရက ငြင်းဆိုထားပါတယ်။
Ref- CNA


