နေမိုး
၁၂. ၁၁. ၂၀၂၅
ပြီးခဲ့တဲ့ရက်ပိုင်းမှာ BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) လက်နက်ကိုင်တပ်ထူထောင်သူ မောင်ဆောင်းခဟာ ရှေ့တန်းမှာ စနိုက်ပါနဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မောင်ဆောင်းခ သေတာမဟုတ်ဘဲ BPLA တည်ထောင်သူထဲက တစ်ဦးဖြစ်တဲ့ ဗညားဇော် (ခ) ဉာဏ်ရည် သေတာလို့ မောင်ဆောင်းခက နိုဝင်ဘာ ၉ ရက်မှာ ဝန်ခံခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာတော့ ဉာဏ်ရည်ရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံမှာ အသုဘချလိုက်ပြီလို့ သိရပါတယ်။
ဗညားဇော် (ခ) ဉာဏ်ရည်ဟာ BPLA မှာ ထူထောင်သူ၊ သင်တန်းဆရာ၊ အရပ်သားစည်းရုံးရေးမှူးတာဝန်တွေအပြင် The Space မှာ စေတနာ့ဝန်ထမ်း၊ ၁၀၂၇ စစ်ဆင်ရေးမှာ BPLA ကနေ ကိုးကန့်လက်အောက်ခံအဖြစ် MNDAA ဝတ်စုံဝတ် တိုက်ခိုက်ခဲ့ပြီး ကိုးကန့် ၆၁၁ တပ်မဟာ၊ ၆၀၅ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့သူလို့ ဆိုပါတယ်။
“ဆရာဗညား (ခ) ဥာဏ်ရည်ရဲ့ဖြတ်သန်းမှုတွေက BPLA တည်ထောင်သူတစ်ဦး၊ သင်တန်းဆရာ၊ ကိုးကန့် ၆၁၁ တပ်မဟာမှာ ၆၀၅ တပ်ရင်းမှူး၊ နောက်ပြီး KNU တပ်မဟာ ၃ က တိုက်ပွဲတွေ၊ ရှမ်းတောင် ဆီဆိုင်က ခုခံစစ်ပွဲတွေ၊ ကိုယ့်ရဲဘော် ကျဆုံးခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေ စသည်ဖြင့်ပေါ့” လို့ မောင်ဆောင်းခက လူမှုကွန်ရက်မှာ နိုဝင်ဘာ ၉ ရက်နေ့က ရေးသားထားပါတယ်။
ဗညားဇော် (ခ) ဉာဏ်ရည်ဟာ နိုဝင်ဘာလဆန်းပိုင်းမှာ ကရင်ပြည်နယ်၊ ဖာပွန်ဒေသ၊ တပ်မဟာ (၅) နဲ့ တိုက်ပွဲမှာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်ဆောင်းခနဲ့အတူ ဒဏ်ရာရပြီး မဲဆောက်ဆေးရုံဆီပြေးပြီး ကုသမှုခံယူခဲ့ရာမှာ နိုဝင်ဘာ ၉ ရက်နေ့မှာ ဉာဏ်ရည်က သေဆုံးသွားတာဖြစ်သလို မောင်ဆောင်းခက ညာပေါင်ထိ ကုသနေတယ်လို့ လူမှုကွန်ရက် သတင်းတွေက ဖော်ပြနေပေမဲ့ BPLA နဲ့ မောင်ဆောင်းခတို့ကတော့ ဖြစ်စဥ်အတွင်း သေဆုံးသူအပေါ် အသိအမှတ်ပြု သတင်းထုတ်ပြန်မှုမလုပ်ဘဲ ဗညားဇော် (ခ) ဉာဏ်ရည်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က တောရကျောင်းမှာ နိုဝင်ဘာ ၁၁ ရက်က တရားနာပြီး နေ့လယ် ၁၂ နာရီခွဲမှာတော့ ဝပ်မောက္ကဌာန်ဘုန်းကြီးကျောင်းသုသာန်မှာ တိုးတိုးတိတ်တိတ် သင်္ဂြိုဟ်လိုက်တာဖြစ်ပါတယ်။









