သက်တန့်
၁၂. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဆရီရာချာမြို့နယ်တွင် အင်္ဂါနေ့ ညနေပိုင်းက ထိတ်လန့်စရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး နောင်ခမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နောင်ခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တည်း၌ လူ ၅ ဦး သေဆုံးကြောင်း သတင်းရရှိခဲ့သည်။
သေဆုံးသူအားလုံးမှာ အသက်ကြီးပိုင်းများနှင့် ကလေးငယ်တစ်ဦးပါဝင်သော မိသားစုဝင်များ ဖြစ်ကြသည်။ အာဏာပိုင်များက အသက် ၆၂ နှစ်အရွယ် အိမ်ထောင်ဦးစီးအမျိုးသားသည် မိမိကိုယ်ကို အဆုံးမသတ်မီ အခြားမိသားစုဝင် ၄ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ယူဆနေသည်။

သေဆုံးသူများမှာ အသက် ၆၀ အရွယ် ဇနီး၊ အသက် ၂၁ နှစ်အရွယ် သမီး၊ အသက် ၁ နှစ်အရွယ် မြေးမလေးဖြစ်သူနှင့် အသက် ၈၂ နှစ်အရွယ် ယောက္ခမအဘွားအိုတို့ ဖြစ်ကြသည်။
အိမ်နီးချင်းများက အဆိုပါအမျိုးသားသည် ပုံမှန်အားဖြင့် စျေးတွင် ပြည်ကြီးငါးနှင့် မုန့်တီရောင်းချသူဖြစ်သော်လည်း အိမ်က နှစ်ရက်ဆက်တိုက် ပိတ်ထားသည့်အတွက် သံသယဝင်ခဲ့သည်။ ထိုအိမ်မှ အနံ့ဆိုးတစ်ခုရရှိပြီးနောက် ရဲများကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးသူများက ဖြစ်စဥ်ကို စုံစမ်းသုံးသပ်မှုအရ အသက် ၆၂ နှစ်အရွယ် အမျိုးသားသည် အကြွေးတင်ခြင်းကဲ့သို့ ငွေကြေးဖိအား ခံစားနေရသဖြင့် စိတ်ကျရောဂါပြင်းထန်စွာစွဲကပ်ပြီး ထင်ယောင်ထင်မှားဖြစ်ခြင်း (Hallucinations) ဝေဒနာ ခံစားနေရခြင်းကြောင့် ဤဝမ်းနည်းဖွယ် ငါးလောင်းပြိုင်သေဆုံးမှု ဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သံသယရှိနေသလို လက်ရှိအချိန်တွင် အတည်ပြုစုံစမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Ref : Khaodsod

