၁၂.၁၁.၂၀၂၅
Written by NYL
ကိုယ်ပိုင်ကတိများ၊ ပါတီမူဝါဒနှင့် ကွဲပြားခြားနားသည့် ကတိကဝတ်များ မပေးမိကြစေဖို့ အထူးဂရုပြုဆောင်ရွက်ကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များအား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အောင်နိုင်ရေးအလံတင်အခမ်းအနားနှင့် ကိုယ်စားလှယ်လောင်းများ ကြိုဆိုခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီခွဲတွင် နေပြည်တော်ရှိ ပါတီဌာနချုပ် အလံတိုင်ကွင်းတွင်ကျင်းပခဲ့ပြီး ၎င်းအခမ်းအနားတွင် မိန့်ခွန်ပြောကြားရာ၌ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ‘‘ဒီအချိန်ဟာ တရားဝင်မဲဆွယ်ကာလဖြစ်လို့ ကိုယ့်မဲဆန္ဒနယ်မြေအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်ကို ကိုယ်တိုင်ဖြစ်စေ၊ တင်ပြဆက်စပ်၍ ဖြစ်စေ ဥပဒေဘောင်အတွင်းက ကူညီဆောင်ရွက်ကြပါ။ တစ်ဖက်ကလည်း နိုင်ငံတော်အတွက် ပါတီရဲ့ရှေ့လုပ်ငန်းစဉ် မူဝါဒသဘောတရားကြေညာချက် Manifesto ပါ လုပ်ငန်းကဏ္ဍ ၂၇ ခုအပေါ် ထပ်ဆင့်ရှင်းလင်းချက်များကို အခြေခံပြီး ပြည်သူကိုရဲရဲချပြ ကတိပေးဆောင်ရွက်ကြပါ။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ကိုယ်ပိုင်ကတိတွေ၊ ပါတီမူဝါဒနဲ့ ကွဲပြားခြားနားတဲ့ ကတိကဝတ်တွေကို မပေးမိကြဖို့ အထူးဂရုပြုဆောင်ရွက်ကြပါ။ ပါတီဟာ နိုင်ငံတော်အဆင့် ကိုယ်စားပြုမဲ့ပါတီဖြစ်တယ်ဆိုတာ သတိပြုကြပါ’’ဟု ပြောကြားခဲ့သည်။



ထို့ပြင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပရန် (၄၇)ရက်သာကျန်ရှိပြီး ယခုကာလသည် ပါတီ၏မူဝါဒဆိုင်ရာကြေညာချက် Manifesto ကတိကဝတ်များကို အတိအလင်း ထုတ်ဖော်ပြောကြားရမည့် ကာလလည်းဖြစ်ကြောင်း၊ ယနေ့သည် ပါတီ၏သွေးသစ်လောင်းသည့်နေ့ဖြစ်သည်ဟု ယုံကြည်စွာခံယူထားကြရန်နှင့် Personal Branding/ Organizational Branding များကို လူမှုကွန်ရက်/ မီဒီယာနည်းလမ်းစုံဖြင့် တည်ဆောက်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်း၏ လုံခြုံရေး၊ လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ဥပဒေ၊ နည်းဥပဒေ၊ ဆောင်ရန်၊ ရှောင်ရန်များကို အထူးဂရုစိုက်ဆောင်ရွက်ကြရန် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အောင်နိုင်ရေးအလံတင်အခမ်းအနားသို့ ပါတီဥက္ကဋ္ဌအပါအဝင် ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပြည်ထောင်စုနယ်မြေတို့မှ ပါတီဥက္ကဋ္ဌများနှင့် လွှတ်တော်အသီးသီးတွင် ပါတီကိုယ်စားပြုဝင်ရောက်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအား ကြိုဆိုခြင်း အခမ်းအနားကို နံနက် ၇ နာရီခွဲတွင် ပါတီဌာနချုပ် သင်တန်ကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ပြုလုပ်ခဲ့ကြသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံမည့် ပါတီများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်လောင်းအရေအတွက် တစ်ထောင်ခန့် ပါဝင်ရွေးကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
Photo : USDP News
