◾️ ယခု ၂၀၂၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုကြေညာထားသည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁,၁၈၃ ဦးရှိပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့ထက် ပိုများ
၁၁. ၁၁. ၂၀၂၅
Written by Nyein Kyaw

ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှု အချိုးအစားနည်းပါးလျက် ရှိနေသေးသဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု ပိုမိုမြင့်မားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (UEC) က ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လာင်းအဖြစ် အမည်စာရင်းတင်သွင်းသူ ပြည်သူ့လွှတ်တော်အတွက် ၃၀၉ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၉၀ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ၇၀၄ ဦး တင်သွင်းခဲ့ကြောင်း UEC က ဖြေကြားထားသည်။ စုစုပေါင်း အမျိုးသမီး ၁,၂၀၃ ဦး ကိုယ်စားလှယ်လောင်းစရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုကြေညာထားသည့် အရေအတွက်သည် အမျိုးသားကိုယ်စားလှယ်လောင်း ၃,၇၅၂ ဦးနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁,၁၈၃ ဦးဖြစ်ကြောင်း ဖြေကြားထားသည်။ ထို့ကြောင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လာင်းအဖြစ် အမည်စာရင်းတင်သွင်းသူများအနက် ၂၀ ဦးသာ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက် အမျိုးသားကိုယ်စားလှယ်လောင်း ၅,၂၃၉ ဦးနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၇,၉၉ ဦး ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက် အမျိုးသားကိုယ်စားလှယ်လောင်း ၄,၇၃၁ ဦးနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၉၀၈ ဦး ဖြစ်သည်။။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ အရ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသဖြင့် UEC အနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်မှုရရှိရေး ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် မှာကြားမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးကိုယ်စားလှယ်များ၏ အခက်အခဲနှင့်စပ်လျဉ်း၍ ပါတီများမှ သီးခြားတင်ပြထားခြင်းမရှိဘဲ ကော်မရှင်အနေဖြင့် အမည်စာရင်းတင်သွင်းသူများ အားလုံးကို ကျား/မတန်းတူ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားကြောင်း သိရသည်။

အမျိုးသား/အမျိုးသမီးကိုယ်စားလှယ်လောင်း အချိုးမည်မျှရှိရမည်ကို ကြိုတင်သတ်မှတ်ထားခြင်း မရှိသော်လည်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် အမျိုးသမီး အရေအတွက် ပိုမိုပါဝင်ရေး တိုက်တွန်းပြောကြားမှုများရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျား/မ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံးကို ဥပဒေအရ တန်းတူညီမျှ အခွင့်အရေးပေးထားပြီးဖြစ်သော်လည်း မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှု အချိုးအစားနည်းပါးလျက် ရှိနေသေးသဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု ပိုမိုမြင့်မားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
