◾️ ၂၀၂၅ ခုနှစ် ဇန်ဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ တရားမဝင် မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ပြည်ပနိုင်ငံသား ၁၀,၀၀၀ ကျော် ထိန်းသိမ်းနိုင်ခဲ့သည့်အနက် ၉,၅၀၀ ကျော်အထိ ပြည်နှင်လွှဲပြောင်းပေးပြီးဖြစ်
၁၁. ၁၁. ၂၀၂၅
Written by Nyein Kyaw





KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ပြုလုပ်သည့် ဇုန် ၃ ဇုန်တွင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိပြီး လက်ရှိတွင် အဆောက်အအုံ ၁၁၀ အား ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ကျန်ရှိ အဆောက်အအုံ ၅၂၅ လုံးကိုလည်း ဆက်လက်ဖြိုချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည့်အပြင် ၄င်းတို့ စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်း ဇုန်အလိုက် အဆောက်အအုံများ ဖြိုချဖျက်ဆီး ရှင်းလင်းလျက်ရှိသည်။
အဆိုပါ KK Park နယ်မြေအတွင်းရှိ ဇုန်(A)အတွင်း၌ အဆောက်အအုံ စုစုပေါင်း ၁၄၈ လုံးရှိပြီး ၎င်းနေရာ၌ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ထပ်မံပြီးမလုပ်ဆောင်နိုင်ရန်အတွက် အဆောက်အအုံအားလုံးကို ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံ ၁၁၀ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် အဆောက်အအုံ ၅၂၅ လုံးကိုလည်း ဆက်လက် ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ပြုလုပ်သည့် ဇုန် ၃ ဇုန်တွင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိကြောင်း သိရှိရသည်။





ထို့အပြင် ဇုန်(B) တွင်လည်း တစ်ထပ်လူနေအဆောက်အအုံ ၇ လုံး၊ နှစ်ထပ်လူနေ အဆောက်အအုံ ၂၉ လုံး၊ သုံးထပ် လူနေအဆောက်အအုံ ၅ လုံး၊ ဆောက်လုပ်ဆဲ လေးထပ် အဆောက်အအုံ ၇ လုံး၊ ဆောက်လုပ်ဆဲ ငါးထပ်အဆောက်အအုံ ၅ လုံးနှင့် ဂိုဒေါင်တစ်ထပ် အလုံး ၂၀ စုစုပေါင်း ၇၃ လုံးရှိကြောင်း သိရှိရသည်။
အလားတူ ဇုန်(C)တွင်လည်း တစ်ထပ်လူနေအိမ် ၃၃ လုံး၊ နှစ်ထပ်လူနေအိမ် ၂၁၆ လုံး၊ သုံးထပ် လူနေအိမ် ၄၂ လုံး၊ လေးထပ် လူနေအိမ် ၃၉ လုံး၊ ငါးထပ် လူနေအိမ် ၁၂ လုံး၊ ခြောက်ထပ် လူနေအိမ် ၄ လုံး၊ ဘတ်စကတ်ဘောကွင်း ၁ ခု၊ ဆေးရုံ ၂ လုံး၊ နှစ်ထပ် SPA အဆောက်အအုံ ၁ လုံး၊ တစ်ထပ် SPA အဆောက်အအုံ ၁ လုံး၊ နှစ်ထပ် ဈေးဆိုင်တန်း ၅ လုံး၊ နှစ်ထပ်စူပါမားကတ် ၁ လုံး၊ တစ်ထပ် စူပါမားကတ် ၁ လုံး၊ ငါးထပ်ဟိုတယ် ၁ လုံး၊ လေးထပ်ဟိုတယ် ၁ လုံး၊ တစ်ထပ်ဂိုဒေါင် ၃၅ လုံး၊ ဆေးခန်း ၂ လုံး၊ ၂ ထပ်မှန်ဆောင် ၁ လုံး၊ နှစ်ထပ် Club ၁ ခု၊ နှစ်ထပ် KTV ၁ လုံး၊တစ်ထပ် စားဖိုဆောင် ၂ လုံး၊ ရေစုကန် ၁ လုံး၊ တစ်ထပ်ဂိုဒေါင်ကြီး ၆ လုံး၊ တစ်ထပ်လူနေအိမ် တန်းလျား ၅ လုံး စုစုပေါင်း ၄၁၄ လုံးရှိကြောင်း သိရှိရသည်။
KK Park နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံမှတစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသည့် ဖြစ်စဉ်များသည် အများစုဖြစ်ပြီး KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ပြုလုပ်သည့် ဇုန်သုံးဇုန်တွင် အသုံးပြုနိုင်သော အဆောက်အအုံများအတွက် လိုအပ်သည့် ပစ္စည်းများ၊ မီးစက်များ၊ အင်တာနက် Starlink စက်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီများ နှင့် အခြား အသုံးဆောင်ပစ္စည်းများကို ထိုင်းကုန်သည်များက တရားမဝင် လမ်းကြောင်းများမှတဆင့် ထောက်ပံ့ခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ မြဝတီမြို့ မဲ့ထော်သလေး -KK Park နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့် ဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၄၀ ၊ နီပေါနိုင်ငံသား ၁၂ ဦးနှင့် တောင်ကိုရီးယား နိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၅၃ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
သို့ဖြစ်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀,၈၁၅ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းတို့အနက်မှ ၉၅၃၆ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးနိုင်ခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၂၇၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
