၁၁ .၁၀ .၂၀၂၅
Written by Hey Mar
ပုဂ္ဂလိကကျောင်းတစ်ကျောင်းရဲ့ အမှတ်တံဆိပ်ပါတဲ့ ယာဉ်ငယ်က ဘေးတွဲဆိုင်ကယ်နဲ့ စက်ဘီးတို့ကို အရှိန်လွန်တိုက်မိကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရှင်သန်ခြင်း လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်လမ်း၊ သုဝဏ္ဏမြို့ဦးစေတီအနီးမှာ ယာဥ်ငယ်တစ်စီးက ဘေးတွဲဆိုင်ကယ်နဲ့ စက်ဘီးတို့ကို တိုက်မိကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ လူမှုကူညီရေးအသင်းတွေက မြေပြင်ကူညီဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာအရောက်မှာ ယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်ပေါ်စီးနင်းလာတဲ့ ဆိုင်ကယ်မောင်းသူအပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦးအနက် အမျိုးသမီးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသားနှစ်ဦးမှာ ပေါက်ပြဲ သွေးထွက်ဒဏ်ရာတွေ ရရှိထားသလို၊ စက်ဘီးစီးလာတဲ့ အမျိုးသမီးမှာလည်း ပေါက်ပြဲ သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူတွေကို YRO အဖွဲ့ဝင် ရှင်သန်ရေး ကူညီမှုအသင်း၊ 7Days ပရဟိတအသင်း၊ ရွှေရောင်တွဲလက် လူမှုကူညီရေးအသင်းတို့က သွေးထွက်မလွန်ရန် မြေပြင်ပြုစုမှုပြုပေးခဲ့ပြီး ၊ သင်္ကန်းကျွန်းစံပြဆေးရုံကြီးဆီ တင်ပို့ပေးခဲ့သလို သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကိုလည်း ရှင်သန်ခြင်း လူမှုကူညီရေး အသင်းမှ သေချာစွာကောက်ယူ ထုပ်ပိုးကာ နာရေးယာဉ်နဲ့ စံပြဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကားအတွင်း ညပ်ကာ ဒဏ်ရာအနည်းငယ်ရရှိထားတဲ့ ယာဉ်မောင်းကိုလည်း လူမှုကူညီရေးအသင်းသားတွေက ကူညီကာ ကားအတွင်းကနေ ထုတ်ယူပေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်ရာမှာ ပူးပေါင်းပေးဖို့ ခေါ်ဆောင် ထိန်းသိမ်းသွားကြောင်းလည်း သိရှိရပါတယ်။
