သက်တန့်
၁၀. ၁၁. ၂၀၂၅
အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီရှိ သမိုင်းဝင် Red Fort (ခံတပ်နီ) အထိမ်းအမှတ်အဆောက်အအုံနှင့် မက်ထရိုဘူတာရုံတစ်ခုအနီးတွင် ယနေ့ နိုဝင်ဘာ ၁၀ ရက် (တနင်္လာနေ့) တွင် ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွား၍ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဒေသခံ Lok Nayak ဆေးရုံမှ ဆရာဝန် ဒေါက်တာ မာနစ်ရှ် ကူမာ ဂျဟာက အခြား လူ ၃၀ ကျော်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သလို “လူအတော်များများက ပြန်လည်သက်သာမယ့် အခြေအနေမျိုး မရှိပါဘူး” ဟု မြို့တော်ရှိ သတင်းထောက်များအား ဒဏ်ရာရသူများ စိုးရိမ်ရသည့်အခြေအနေအပေါ် ၎င်းက ဆက်လက် ပြောကြားခဲ့၍ သေဆုံးသူများ ဆက်လက်တိုးလာနိုင်ဦးမည်ဖြစ်သည်။

လတ်တလောတွင် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်း အတိအကျကို မသိရှိရသေးသော်လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်။
ကနဦး ဖြစ်စဥ်အရ ဖြည်းညှင်းစွာ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် မီးနီအနီးတွင် “ရပ်တန့်သွားခဲ့သည်” ဟု ဒေလီရဲမင်းကြီး ဆာတစ်ရှ် ဂိုလ်ချာက သတင်းထောက်များအား ပြောကြားခဲ့သည်။
“အဲ့ဒီယာဉ်ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူတွေနဲ့ ပတ်ဝန်းကျင်က ယာဉ်တွေပေါ်က လူတွေ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်” ဟု ဂိုလ်ချာက ဆက်လက်ပြောကြားသည်။ ဖြစ်စဥ်အတွင်း အနည်းဆုံး ယာဉ်ခြောက်စီးနှင့် သုံးဘီးကား သုံးစီး မီးလောင်ခဲ့သည်ဟု ဒေလီမီးသတ်ဌာန ဒုတိယအကြီးအကဲကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ကြောင်း ဒေလီမီးသတ်ဌာနမှ အရာရှိ ဆူမစ် ကူမာက CNN သတင်းဌာနသို့ ယခင်က ပြောကြားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများကို အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက ယနေ့ ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ အနံ့ခံခွေးတစ်ကောင်ကို ဦးဆောင်ကာ စစ်ဆေးနေသည်။ ဆေးရုံအရာရှိများ၏ အဆိုအရ အခြားလူ ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ အာဏာပိုင်များသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ရှိ CCTV ကင်မရာများကို ရှာဖွေစစ်ဆေးမည်ဖြစ်သလို အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှာက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုမည်ဟု ပြောကြားခဲ့သည်။
“ပေါက်ကွဲမှုကို ဖြစ်နိုင်တဲ့ ထောင့်တိုင်းကနေ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဒေလီရဲမင်းကြီး ဂိုလ်ချာက ထပ်လောင်းပြောကြားခဲ့ကာ “အခြေအနေကို ပုံမှန် စောင့်ကြည့်နေပါတယ်”ဟုလည်း ယင်းကဆိုခဲ့သည်။

နောက်ဆက်တွဲ ဗီဒီယိုဖိုင်များတွင် ဆိုင်ကယ်စီးသူများနှင့် လမ်းသွားလမ်းလာများသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ အပြေးအလွှားသွားနေကြသည်ကို ပြသခဲ့ပြီး၊ ထိုနေရာမှ ကြီးမားသော လိမ္မော်ရောင်မီးလျှံများသည် မှောင်မည်းနေသော ကောင်းကင်သို့ လျှံတက်နေသည်။ ဒေလီရှိ ရပ်ကွက်နေသူအများစုက ကျယ်လောင်သော ပေါက်ကွဲသံကို ကြားခဲ့ကြရသည်။
“ကျွန်တော်တို့ ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ကြားလိုက်ရပါတယ်။ ပြတင်းပေါက်တွေပါ တုန်ခါသွားတယ်” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက အိန္ဒိယ ရုပ်သံလွှင့်ဌာန NDTV သို့ ပြောကြားခဲ့သည်။
နောက်ထပ် ဒေသခံတစ်ဦးကလည်း ၎င်း၏ နေအိမ်မှ မီးတောက်များကို မြင်တွေ့ခဲ့ရသည်ကို “ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်လာခဲ့ပါတယ်။ ကျွန်တော်က ဒီနားမှာ နေတာပါ” ဟု ဒေသခံ ရာ့ဂျ်ဒါ ပါန်ဒေးက CNN ၏ တွဲဖက် CNN News-18 သတင်းဌာနသို့ ပြောကြားခဲ့သည်။
အိန္ဒိယတွင် လာလ် ကီလာ (Lal Qila) ဟု လူသိများသော Red Fort (ခံတပ်နီ) သည် ၁၇ ရာစုက မဂိုခေတ်ခံတပ်ဖြစ်ပြီး ဒေလီမြို့ဟောင်းတွင် တည်ရှိကာ တစ်နှစ်ပတ်လုံး ခရီးသွားများ လာရောက်လေ့ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
Ref: CNN
