MT News
၉. ၁၁. ၂၀၂၅
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သည့် 8th WVVF World Vovinam Championship 2025 ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲသို့ မြန်မာဗိုဗီနမ်အသင်းမှ အုပ်ချုပ်သူနည်းပြ ၂ ဦး၊ အားကစားသမား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၈ ဦးတို့သည် အားကစားနည်းအမျိုးအစား (Event) ၁၆ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး 48-51 kg (Female) ၄၈-၅၁ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် မနှင်းသက်ဝေက ရွှေတံဆိပ် ၁ ခု၊ Dual Knife From (female) အမျိုးသမီး ဓားမြှောင် ၂ လက်အပြပြိုင်ပွဲနှင့် Ying Yang Sword From (Female) အမျိုးသမီး ဓား ၁ လက် အပြပြိုင်ပွဲတို့တွင် မမေဟန်နီအောင်လွင်က ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ Dragon – Tige From (male) အမျိုးသားလက်သိုင်းအပြပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ် ၁ ခု၊ Pair Knife from (male) အမျိုးသားနှစ်ယောက်တွဲ ဓားမြှောင်အတိုက်အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင်တို့အတွဲက ငွေတံဆိပ် ၁ ခု၊ Four- Element Staff From (male) အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ် ၁ ခု၊ Pair Sword from (male) အမျိုးသားနှစ်ယောက်တွဲ ဓားရှည် ၂ လက် အတိုက်အပြပြိုင်ပွဲနှင့် Pair Machette From (males) အမျိုးသားနှစ်ယောက်တွဲ ဓားရှည် ၁ လက် အတိုက် အပြပြိုင်ပွဲတို့တွင် မောင်ဟိန်းထက်အောင်နှင့် မောင်တင်ထူးဇော်တို့အတွဲက ငွေတံဆိပ် ၂ ခုရရှိခဲ့သည်။





ထို့ပြင် Mix Basic Self Dedense Technique (3 females 3 males) အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး လက်နက်မဲ့အသင်းလိုက်အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်၊ မောင်တင်ထူးဇော်၊ မချစ်နိုဒီဆောင်း၊ မမေဟန်နီအောင်လွင်နှင့် မနှင်းသက်ဝေတို့ အတွဲက ကြေးတံဆိပ် ၁ ခု၊ Ying Yang Sword From (male) အမျိုးသား ဓား ၁ လက် အပြ ပြိုင်ပွဲတွင် မောင်ကျော်သူစိုးက ကြေးတံဆိပ် ၁ ခု၊ (1 females Defense against males with weapon) အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦး လက်နက်ပါ အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်နှင့် မောင်တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် ၁ ခု၊ Cross – From (male) အမျိုးသား တစ်ဦးချင်း လက်သိုင်းအပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်က ကြေးတံဆိပ် ၁ ခု၊ (Female Self Defence from) အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓားမြှောင်ပါ ခုခံကာကွယ်နည်းအပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်နှင့် မချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ် ၁ ခုကိုလည်းကောင်း၊ Pair Sword From (Female) အမျိုးသမီး နှစ်ယောက်တွဲ ဓားရှည် ၂ လက် အတိုက်အပြပြိုင်ပွဲတွင် မချစ်နိုဒီဆောင်းနှင့် မမေဟန်နီအောင်လွင်တို့အတွဲက ကြေးတံဆိပ် ၁ ခု ရရှိခဲ့ပြီး နိုဝင်ဘာ ၇ ရက် ပြိုင်ပွဲများပြီးဆုံးချိန်၌ မြန်မာအသင်းအနေဖြင့် အားကစားနည်းအမျိုးအစား (Event) ၁၄ ခုတို့တွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အောင်ပွဲရ မြန်မာဗိုဗီနမ်အသင်းသည် လေကြောင်းခရီးဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှ စင်္ကာပူနိုင်ငံသို့လည်းကောင်း၊ စင်္ကာပူနိုင်ငံမှတစ်ဆင့် ရန်ကုန်သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများက သောင်းသောင်းဖြဖြ လာရောက် ကြိုဆိုခဲ့ကြောင်း သိရသည်။
