၈.၁၁.၂၀၂၅
Written by Hey Mar
နေအိမ်ကနေ ထွက်သွားကာ တစ်ညလုံးပြန်မလာလို့ လိုက်လံရှာဖွေရာက တောင်သမန်အင်းစပ်မှာ စီးနေကြဖိနပ်တွေ့လို့ လူမှုကူညီရေးအသင်းတွေဆီ ရေငုပ်ရှာဖွေပေးဖို့ အကူအညီတောင်းတဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း( မန္တလေး ) မှ တာဝန်ရှိသူထံကနေ သိရပါတယ်။

ရေထဲဆင်းကာ အဆုံးစီရင်သွားတယ်လို့ ယူဆရတဲ့ အမျိုးသမီးကြီးက မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ထန်းတပင် (၅) ရပ်နေ အသက် ၅၉ နှစ်အရွယ်လို့ သိရှိရပြီး နေအိမ်ကနေ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ထွက်သွားကာ ပျောက်ဆုံးနေတာမို့ မိသားစုက လိုက်လံရှာဖွေရင်း တောင်သမန်အင်းစပ်မှာ ချွတ်ထားခဲ့တဲ့ ဖိနပ်ကို တွေ့ရှိကာ ကယ်ဆယ်ရေးအဖွဲ့တွေထံ အကူအညီတောင်းခံတာလို့ သိရပါတယ်။

မန္တလေး Recuse မှ တာဝန်ရှိသူက ” အမြင့်တစ်နေရာရာကနေ ရုတ်တရက် ရေထဲ ခုန်ချတာလည်း မဟုတ်ဘဲ အခုလို ရေစပ်ကနေ တစ်လှမ်းချင်းဆင်းသွားဖို့ တွေးတာ ဘယ်အရာတွေက ဘယ်လို စိတ်ခံစားချက်များဖြစ်စေလဲတော့ မသိဘူးပေါ့။ စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်း ကန်တော့ပွဲပေးတယ်။ ဒိုင်ဗင်သမားတွေက ရေငုပ်ရှာတော့ ညနေ လေးနာရီခွဲ။ မိနစ်လေးဆယ်လောက်မှာ ဖိနပ်ချွတ်ထားတဲ့ ကမ်းစပ်နဲ့ မနီးမဝေးကဘဲ ပြန်တွေ့ပါတယ်။ မနေ့ကတည်းက ရေထဲဆင်းသွားပုံရတယ်။ အလောင်းအနေအထားက အဲ့လို အခြေအနေပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ရဲ့ Rescue Diver Team (Myanmar) ရေငုပ်အဖွဲ့ဝင်တွေနဲ့ စံပြမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပူးပေါင်းရှာဖွေရာ ညနေ ငါးနာရီ ဆယ်မိနစ်ခန့်အချိန်မှာ တောင်သမန်အင်းစောင်း ဗူးဘုရားအနီးကနေ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စံပြမေတ္တာလူမှုကယ်ဆယ်ရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
