သက်တန့်
၆. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်တွင် ဆိုင်ကယ်တိုက်လူနာကို လာရောက်ကူညီသည့် နာမည်ကြီး လူမှုကယ်ဆယ်ရေးပရဟိတနှစ်ဖွဲ့ကြား လူနာလုရာမှ ပစ်ခတ်မှုဖြစ်ပွားသဖြင့် သုံးဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရပြီး အဆိုပါ လူနာလုမှု ပြဿနာကြောင့် ပစ်ခတ်သည်ဟု ယူဆရမှုမှ တရားခံ သေနတ်သမားအား ဖမ်းဆီးအရေးယူနိုင်ရန် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများ စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ကူးစ နံနက် ၁ နာရီအချိန်တွင် ဝမ်သောင်လန်ရဲစခန်းမှ ရဲမှူး ဒုတိယစစ်ဆေးရေးအရာရှိ ဝိထဝပ် ခွန်အတ်ဆွန်ထံ လတ်ဖရောင်းလမ်းမပေါ်ရှိ Soi Lat Phrao 122 အဝတွင် ကယ်ဆယ်ရေးဖောင်ဒေးရှင်းအဖွဲ့အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများရှိကြောင်း သတင်းပို့ အကြောင်းကြားချက် ရရှိခဲ့သည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် ကင်းလှည့်ရဲတပ်ဖွဲ့တို့နှင့်အတူ အခင်းဖြစ်ပွားရာသို့ အလျင်အမြန် သွားရောက်ခဲ့သည်။ အခင်းဖြစ်ပွားရာ လမ်းဘေးပလက်ဖောင်းတွင် သွေးကွက်များနှင့် ကျည်ခွံ ၅ ခု လမ်းပေါ် ပျံ့ကျဲနေသည်ကို တွေ့ရှိရပြီး မှုခင်းဆေးဘက်ဆိုင်ရာအရာရှိများက သက်သေခံအဖြစ် မှတ်တမ်းတင် သိမ်းဆည်းခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် စိုးရိမ်ရ ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း သိရှိရပြီး နာမည်ကြီး လူမှုကယ်ဆယ်ရေးဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းနှစ်ဦးဖြစ်သည့် မစ္စတာ ဂျီရာယွတ် (အသက် ၂၇ နှစ်) ဆိုသူမှာ လည်ပင်းတွင် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားပြီး မစ္စတာ အက္ခရာဒက်ချ် (အသက် ၃၆ နှစ်) ဆိုသူမှာ ဘယ်ဘက်ရင်အုံအပေါ်နားတွင် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားသည်ကို တွေ့ရသဖြင့် ထို ၂ ဦးကို လတ်ဖရောင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ထို့အပြင် အခြား လူမှုကယ်ဆယ်ရေးဖောင်ဒေးရှင်းအဖွဲ့မှ စေတနာ့ဝန်ထမ်းဖြစ်သူ မစ္စစ် ဂျစ်သီဝါ (အသက် ၂၅ နှစ်) မှာလည်း ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရသဖြင့် သူမကိုမူ နော့ပါရတ် ရတ်ချဌာနီဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ဖြစ်စဉ်မဖြစ်ပွားမီအချိန်တွင် လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်း ၂ ခုစလုံးသည် Soi Lat Phrao 122 အဝတွင် ဆိုင်ကယ်မတော်တဆမှုတစ်ခု ဖြစ်ပွားပြီး ဒဏ်ရာရရှိသူရှိကြောင်း သတင်းရရှိခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့စလုံးက အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူကို ရှေးဦးသူနာပြုစုခြင်းများ ကူညီ ပြုလုပ်ပေးစဉ် ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ကြား စကားများ ရန်ဖြစ်မှုဖြစ်ပွားပြီး အငြင်းပွားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ထို့နောက် သေနတ်သံ ၅ ချက်၊ ၆ ချက်ခန့် ကျယ်လောင်စွာ ထွက်ပေါ်လာကာ လူ ၃ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အာဏာပိုင်များသည် CCTV မှတ်တမ်းများကို စစ်ဆေးခြင်းနှင့် ဒဏ်ရာရရှိသူ ၃ ဦးကို ထပ်မံစစ်ဆေးခြင်းများ ပြုလုပ်နေသည်။ ပြဿနာသည် လူနာလုယူမှုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ တီရှပ်ဝတ်ဆင်ထားပြီး ဒူးအောက်နားထိရှိသော ဘောင်းဘီတိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ထိုသူကို ဥပဒေအရ စစ်ဆေးအရေးယူနိုင်ရန် လိုက်လံဖမ်းဆီးလျက်ရှိသည်ဟု ကနဦးသတင်းများကို Amarin News က ဖော်ပြထားသည်။
သို့သော် မူလ ဆိုင်ကယ်အတိုက်ခံရသည့် လူနာ၏ ဖြစ်ရပ်နှင့် ပတ်သက်၍မူ သတင်းတွင် ဖော်ပြထားခြင်း မရှိချေ။
Ref : Amarin News





