၆. ၁၁. ၂၀၂၅
Written by Thettant
နောက်ဆုံးသတင်းများအရ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီး လူပေါင်း ၁၁၄ ဦး သေဆုံးကာ ၁၂၇ ဦး ပျောက်ဆုံးစေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီ (Kalmaegi – ဒေသအခေါ် Typhoon Tino) သည့် ယနေ့ ကြာသပတေးနေ့အရုဏ်မတက်မီ ဗီယက်နမ်နိုင်ငံမှ ထွက်ခွာပြီး ဗီယက်နမ်၊ လာအိုနိုင်ငံတို့သို့ ဦးတည်နေသလို အဆိုပါ မုန်တိုင်းမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်း ရွာသွန်းနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် သတိပေးထားသည်။

ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီသည် မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၃ ဒသမ ၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၃ ဒသမ ၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၅၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၈၅ မိုင် နှုန်းခန့် ဖြစ်သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီသည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့၏ တောင်ဘက်မှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသတို့ကို အားကောင်းသောအပူပိုင်းမုန်တိုင်း ခန့်မေဂီ အဖြစ် ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊
လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် သတိပေးထားသည်။

