၅.၁၁.၂၀၂၅
Written By Thandar




MRTV-4 ရုပ်သံလိုင်းကတစ်ဆင့် ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင်မြတ်သူသူကတော့ အသက် ရှင်တုန်းမှာ စိတ်ရှိတိုင်းလှူဒါန်းပေးကမ်းရင်းနဲ့ပဲ နေထိုင်သွားချင်တယ်လို့ ဆိုပါတယ်။
“မြတ်သူရဲ့ ဒီအလှူလေးကတော့ ဒုတိယအကြိမ်မြောက် မဟာဘုံကထိန်အလှူပွဲကြီးလုပ်ဖြစ်တာပါ။ မြတ်သူကိုယ်တိုင် တက်ခဲ့ရတဲ့ ဘကကျောင်းလေးလည်းဖြစ်တယ်။ ကိုယ်စိတ်တိုင်းကျ ကျောင်းထိုင်ဆရာကြီးလည်း စိတ်တိုင်းကျပေါ့။ မြတ်သူလှူဒါန်းခွင့်ရလို့ အရမ်းပီတိဖြစ်ရပါတယ်။ အရင်ကတော့ မြတ်သူတို့ ငယ်ငယ်တုန်းကတော့ သူများ အလှူတွေကို လာစားတယ်။ လိုက်ကြည့်တယ်ပေါ့။ ခုကတော့ခုချိန်မှာ ကိုယ်တိုင် မ,တည် လှူဒါန်းခွင့်ရလို့ အရမ်းပီတိဖြစ်တယ်။ မြတ်သူက စိတ်ရှိတိုင်းလှူဒါန်းနိုင်တဲ့သူ ဖြစ်ချင်တာပါ။ အမြဲတမ်းပါရမီ ဖြည့်ပေးပြီး ခွင့်ပြုပေးလို့လည်း အမျိုးသားကို ကျေးဇူးတင်ပါတယ်။ တစ်ဦးတည်းလှူချင်ပေမယ့် ဆရာတော်ဘုရားက စုပေါင်းအလှူဖြစ်ချင်တာကြောင့် လှူဖြစ်တာပါ”လို့ သရုပ်ဆောင် မြတ်သူသူက ပြောပါတယ်။
သူမနဲ့ ခင်ပွန်းဖြစ်သူ စိုင်းထက်မြတ်တို့က ဒုတိယအကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာကို နိုဝင်ဘာ ၄ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက် ရန်ကုန်တိုင်းဒေသကြီး(ဘက)ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ပညာသိပ္ပံဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ(အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ကြီးထံမှာ ဒုတိယအကြိမ်မြောက် ကထိန်မ,တည် အလှူတော်အနေနဲ့ ကျပ် ၁၁၇ သိန်းကျော်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။





“ဘယ်လိုဖြစ်နေနေ ကိုယ့်ရှင်သန်နေတဲ့ အခိုက်အတန့်လေးမှာ ရှင်သန်ခွင့်ရချိန်မှာ တန်ဖိုးရှိတဲ့သူလည်း ဖြစ်တယ်။ စိတ်ရှိတိုင်း လှူဒါန်းနိုင်သူ ဖြစ်ချင်တာပေါ့နော်။ ဒီ့ထက်ပို အလုပ်တွေ ကြိုးစားပြီးတော့ ကိုယ်ဖြစ်ချင်တာ အကောင်အထည်ဖော်ပြီး လုပ်သွားချင်ပါတယ်။ မြတ်သူတို့ စဉ်းစားထားတာက အနားမှာရှိတဲ့သူတွေလည်း အကျိုးရှိပြီးတော့မှ သူတို့အတွက် ရှေ့ရေးအတွက် ပစ္စည်းဥစ္စာထားခဲ့ချင်တယ်။ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပေးကမ်းရင်းနဲ့ပဲ ဘဝကိုကုန်ဆုံးသွားချင်တယ် ”လို့ သူမက ဆက်ပြောပါတယ်။
အဆိုပါကျောင်းတိုက်က သံဃာတော် အရှင်သူမြတ် ၁၀၄ ပါးကိုလည်း ကထိန်သင်္ကန်း၊ တခြား လှူဖွယ်အစုစုနဲ့ ဝတ္ထုငွေတို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
