၅.၁၁.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ (၇၆x၇၄)နှင့် (၁x၃)လမ်းကြားရှိ ငါးကန်တွင် ရေကြက်ဆင်းဖမ်းသော အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု နိုဝင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ရေနစ်သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးကျော်မိုးဖြစ်ပြီး အလျား ပေ ၁၀၀၊ အနံ ပေ ၅၀၊ အနက် ၈ ပေရှိသော ငါးကန်ထဲသို့ ရေကြက်ဆင်းဖမ်းရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်နေသော အမျိုးသားကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အိုးဘိုရွှေကျင်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနီအရှေ့လူမှုကူညီရေးအသင်း၊ နှလုံးလှလူမှုကူညီရေးအသင်းတို့မှ အဖွဲ့ဝင်များ၊ ပြည်သူများက ပူးပေါင်းရှာဖွေခဲ့ရာ ၂နာရီ ၃၅မိနစ်ခန့်အကြာတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ဌာနီအရှေ့လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
