၅. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် (FPTP) မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လေဘာပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်စိစစ်လျက်ရှိပြီး စိစစ်တွေ့ရှိချက်များအပေါ် ကော်မရှင်က သုံးသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။

လက်ရှိတွင် ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် (FPTP) မဲဆန္ဒနယ် အမှတ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လေဘာပါတီ ကိုယ်စားပြု ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်သည် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတွင် CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသူအဖြစ် ဖော်ပြထားကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော NUG၊ CRPH တို့က လှုံ့ဆော်ထားသည့် CDM လှုပ်ရှားမှုအား ထောက်ခံအားပေးခဲ့သော ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်အား ပြန်လည်စိစစ်ဆောင်ရွက်ပြီး ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ရန်အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်ပတ်ပြီး UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

UEC ၏ ဖြေကြားချက်အပြည့်အစုံမှာ “ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် (FPTP) မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လေဘာပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်နှင့် ပတ်သက်၍ သတင်းဖော်ပြချက်များအရ ကော်မရှင်က သိရှိရပါသည်။ ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး အသေးစိတ်အချက်အလက်များ သိရှိရန်လိုအပ်ပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည် စိစစ်လျက်ရှိပြီး စိစစ်တွေ့ရှိချက်များအပေါ် ကော်မရှင်က သုံးသပ်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဖြေကြားထားသည်။
