သတိုး
၅. ၁၁. ၂၀၂၅
အင်းလေးကန်ကြီးဟာ ရေခန်းခြောက်လာခြင်းနှင့်အတူ ယိုယွင်းပျက်စီးမှုတွေဟာ ပိုပြီးဆိုးရွား လာနေပြီး ထိုသို့ ဆိုးရွားသည့် အခြေအနေမှာ ဌာနေတိုင်းရင်းသားများ၏ လူမှုစီးပွားရေးကို အထူးထိခိုက်နစ်နာစေသည့်အပြင် ၂၀၂၄ ခုနှစ်၏ ဆိုးရွားလှသော ရေကြီးနစ်မြုပ်မှု၊ ၂၀၂၅ ခုနှစ်၏ ငလျင်ဘေးဒဏ်၊ ရေကြီးနစ်မြုပ်မှု ဘေးဒဏ် စသည်များမှာ အင်းသားများအဖို့ အင်းလေးကန်နှင့် ဘဝများကို ပေါင်းစုကာကွယ်နိုင်ရေးအတွက် အရေးကြီးသည့်အတွက် သဘာဝ၏အချက်ပေးသံတွေအဖြစ် မြင်နိုင်မည်ဖြစ်သဖြင့် အင်းလေးကန် ထိန်းသိမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားရေးမြှင့်တင်ရေးကို ဟန်ချက်ညီညီ ဖြစ်ထွန်းစေဖို့ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးကြည်လွင်က ပြောကြားသည်။
ထို့အပြင် ဦးကြည်လွင်က “အထူးအားဖြင့် ကျွန်တော်တို့အင်းလေးဒေသ အင်းလေးကန်ရဲ့ထူးခြားတဲ့ မြေပြင်အနေအထားအရ ကျေးရွာများ၊ နေအိမ်များ၊ ကျွန်းမျောစိုက်ခင်းများဟာ ရေပေါ်မှာတည်ရှိနေပြီး တစ်စုံတစ်ရာသော အာမခံချက်များမရှိခဲ့ပါဘူး။ အဲဒီအတွက် နိုင်ငံတော်မှ ဥပဒေနှင့်အညီ တရားဝင်အသိအမှတ်ပြုမှုနဲ့အတူ အာမခံချက်များ ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ပါတီက ဦးဆောင်ညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ယူနက်စကိုက လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) အဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့်အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးဟာ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ အဲဒီလို အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံပြည်သူများရဲ့အကျိုး စီးပွားဖြစ်ထွန်းမှုကို ဟန်ချက်ညီဖို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည် စီးဆင်းရေးများအပြင် လယ်ယာနှင့် အင်းလေးဒေသရဲ့ အထူးစိုက်ပျိုးသီးနှံ ဖြစ်တဲ့ ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်မှုတွေကို လျော်ညီသောနည်းလမ်း၊ တွက်ခြေကိုက်သောစနစ်များကို ပြုပြင်ဖော်ဆောင်နိုင် ဖို့အတွက် ပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုလည်း ဆိုသည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဖွဲ့စည်းတည်ထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့နိုင်ငံရေးစင်မြင့်ထက် အင်းသားလူမျိုးများအဖို့ နိုင်ငံရေးအရ နေရာတစ်ခု ရရှိနိုင်ရေး ဖြစ်ပြီး သမိုင်းကြောင်းအရကြည့်ပါကလည်း ပြည်ထောင်စုတည်ဆောက်ရေး၏ အဓိကအုတ်မြစ်ဖြစ်သော ပင်လုံစာချုပ်ဖြစ် မြောက်ရေးအတွက် အင်းသားလူမျိုးခေါင်းဆောင်များ၏ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍမှာ ထင်ထင်ရှားရှားဖြစ်ခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အင်းသားလူမျိုးစုကို ကိုယ်စားပြုသည့်ပါတီက ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်ခြင်း မခံရသည့်အတွက် ထိုကာလအတွင်း ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ (၃)ကြိမ် ကျင်းပခဲ့မှုတွင် အင်းသားလူမျိုး ကိုယ်စားပြုသည့် ပါတီအနေနှင့်ရော၊ အင်းသားလူမျိုးစုအနေနှင့်ပါ တက်ရောက် ရန်ဖိတ်ကြားခြင်း မခံရသည့်အတွက် အရေးကြီးသည့်ညီလာခံဝယ် အင်းသားလူမျိုးစုအနေဖြင့် ပါဝင်ဆွေးနွေးတင်ပြခွင့်ဆုံးရှုံးခဲ့ရသည်ဟုလည်း ဦးကြည်လွင်က ပြောကြားသည်။
ထို့အတွက် “ကျွန်တော်တို့ အင်းသားလူမျိုးစုတွေအနေနဲ့ ၂၀၂၅ ရွေးကောက် ပွဲအလွန်ကာလ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ပါဝင်နိုင်ရေးအတွက် ကျွန်တော်တို့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံရွေးချယ်ပေးဖို့ မလွဲမသွေ လိုအပ်နေပါပြီ။ လွှတ်တော်ကိုယ်စားလှယ်နေရာများ ရမှသာလျှင် ကျွန်တော်တို့ အင်းသား လူမျိုးတို့ကလည်း အခြားလူမျိုးများနဲ့အတူ တန်းတူရည်တူအားဖြင့် နိုင်ငံ့ အကျိုး၊ ဒေသအကျိုး၊ လူမျိုးအကျိုးများကို ပါဝင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် အလေးနက်ထားပြီး စဉ်းစားဆုံးဖြတ် ပေးကြပါလို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျာ”ဟုလည်း ဦးကြည်လွင်က ဆက်လက်ပြောကြားသည်။
