
၅.၁၁. ၂၀၂၅
Written by NYL
မသန်စွမ်းများ ခရီးသွားရာတွင် အခမဲ့ဖြစ်ရန်နှင့် ကျန်းမာရေး အခမဲ့စောင့်ရှောက်ခွင့်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဦးခင်ရီက ပြောကြားသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် မသန်စွမ်းသူများ၊ ပရဟိတအဖွဲ့များနှင့် နိုဝင်ဘာ ၃ ရက်က တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်ကို ၎င်း၏တယ်လီဂရမ်အကောင့်တွင် ဖော်ပြထားသည်။
ထို့ပြင် ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်အဖြစ် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ‘’ ကျွန်တော်တို့ရဲ့ ရှေ့အစီအစဉ်ကို ရှင်းပြတာဖြစ်တယ်။ ကျွန်တော်ပြောတာ ဖြစ်ကိုဖြစ်ရမယ်။ ဘာဖြစ်ရမလဲ ပြန်ပြောပြမယ်။ ခင်ဗျာတို့ခရီးသွားရင် အလကားသွားရမယ်။ မသန်စွမ်းဆိုတဲ့ မှတ်ပုံတင်ထားတဲ့ လက်မှတ်ပါတယ်ဆိုရင် မော်တော်ကားစီးစီး၊ လေယာဉ်ပျံစီးစီး။ အဲဒါ ဥပဒေမှာ ထည့်ဆွဲထားတယ်။ ဥပဒေမှာလည်း ပါပြီးသား။ ဒုတိယအလုပ်အကိုင်နဲ့ ပတ်သက်လို့ ကျိန်းသေတာကတော့ ခင်ဗျားတို့ကို သင်တန်းပေးမယ်။ သင်တန်းတွေ ဖွင့်ပေးထားမယ်။ မျက်မမြင်အတွက် မျက်မမြင်နဲ့သင့်တော်တဲ့သင်တန်း။ နားအာရုံအတွက် နားအာရုံအတွက်သင့်တော်တဲ့ သင်တန်း။ ခန္ဓာကိုယ်လှုပ်ရှားမှုမလုပ်နိုင်တဲ့သူအတွက် အဲဒါနဲ့ သင့်တော်တဲ့လုပ်ငန်း။ အဲသင်တန်းမျိုးတွေပေးပြီးတော့ ဝန်ကြီးဌာနတွေမှာ ပုဂ္ဂုလိကအလုပ်ရုံတွေမှာ ခင်ဗျာတို့ကို ဥပဒေမှာ ပြဋ္ဌာန်းထားတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်ခွင့်ရရှိရန် မရမက အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဆိုသည်။
‘’ ချက်ချင်းစီမံပေးမှာကတော့ ကျန်းမာရေး။ ကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်ခွင့်ရရမယ်။ အဲဒါဥပဒေမှာ ပြဋ္ဌာန်းပြီးသား။ အဲဒါကို မရမက ကျွန်တော်တို့ အကောင်အထည်ဖော်မယ် “ ဟု ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် မသန်စွမ်းသူများကို စာရင်းကောက်မည်ဖြစ်ပြီး ရရှိလာသည့် စာရင်းများကို အဆင့်ခြောက်ဆင့်ခွဲကာ အဆင့်ဆင့်စီမံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
‘’တစ်ကတော့ ခင်ဗျားတို့ကို ကျွန်တော်တို့စာရင်းလိုက်ကောက်လိမ့်မယ်။ အဆင့်တွေခွဲလိမ့်မယ်။ ခြောက်ဆင့်ခွဲလိမ့်မယ်။ အမြင်အာရုံနဲ့ ပတ်သက်လို့၊ အကြားအာရုံနဲ့ ပတ်သက်လို့၊ ခုနက လမ်းလျှောက်တာတို့၊ တောင်တက်တာတို့ လှုပ်ရှားသွားလာမှုတွေနဲ့ ပတ်သက်လို့ မှတ်ဉာဏ်တို့၊ သင်ယူမှုတွေနဲ့ ပတ်သက်လို့၊ မိမိကိုယ်ကိုယ် မိမိစောင့်ရှောက်နိုင်တာနဲ့ ပတ်သက်လို့ အခြားသူနဲ့ ဆက်သွယ်ရတာ လွယ်ကူမှုရှိမရှိဆိုတာနဲ့ ပတ်သက်လို့ အဆင့် ခြောက်ဆင့်ခွဲပြီးတော့ တစ်ဆင့်မှာတော့ ဘယ်သူတွေပါတယ်။ ဒီအဆင့်မှာ ဘယ်သူတွေပါတယ်။ ဒီလို စာရင်းကောက်သွားမယ် “ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဦးခင်ရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ ဇေယျာသီရိမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းများ၊ မဲပေးနည်းစနစ်များကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
‘’အတန်းအစားခွဲတာတို့၊ ကျားမခွဲတာတို့ မရှိစေရဘူး။ အနာဂတ်ကတော့ ခုနကပြောသလို စိတ်အေးချမ်းသာဖြစ်အောင် လုပ်လိုက်ပါတော့။ ခင်ဗျားတို့အတွက် သွားရေးလာရေးတာဝန်ယူပေးမယ်။ ကျန်းမာရေးကိစ္စတွေတာဝန်ယူပေးမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ထိုက်သင့်သလောက် ကျွန်တော်တို့ တာဝန်ယူပေးမယ်။ ဒါက ကျွန်တော်တို့ပါတီရဲ့ ကတိက၀တ်ဖြစ်ပါတယ်” ဟု ဦးခင်ရီက ဆက်လက် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ပယ်ဖျက်လိုက်သော ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
