၅.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဘော့စနီးယား-ဟာဇီဂိုးဗီးနားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုမှာ နိုဝင်ဘာလ ၄ ရက် ညက မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
မီးလောင်မှုက တွတ်ဇလာမြို့ရှိ ဘိုးဘွားရိပ်သာအဆောက်အအုံတစ်ခုရဲ့ ခုနစ်လွှာကနေ ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုမှာ ဒဏ်ရာရရှိသူ လူ ၂၀ ဦးကို ဆေးရုံကို ကုသမှုပြုဖို့ ပို့ပေးခဲ့ရပြီး သူတို့မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဆေးကုသမှု အဖွဲ့ဝင်တွေ၊ အလုပ်သမားတွေနဲ့ ဘိုးဘွားရိပ်သာ အဆောက်အအုံမှာနေထိုင်သူတွေ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
လောလောဆယ်မှာ မီးလောင်ရတာရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ် နာမင် နစ်ဆစ်က မီးလောင်မှုကို ကြီးမားသောကပ်ဘေးလို့ ပြောခဲ့ပါတယ်။
“ကနဦးသတင်းအချက်အလက်တွေအရတေ့ာ တွတ်ဇလာမြို့က အဘိုးအဘွားတွေရဲ့ပင်စင်ဂေဟာမှာ နေထိုင်သူ ၁၀ ဦး မီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့ရတယ်” လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ အခြေအနေများ လုံခြုံစိတ်ချရသည်နှင့် မီးလောင်မှုအတွက် အပြည့်အဝစုံစမ်း စစ်ဆေးမှုပြုလုပ်သွားမယ်လို့ အရာရှိတွေက ပြောခဲ့ကြပါတယ်။
ဘော့စနီးယား-ဟာဇီဂိုဗီးနား၏ သုံးပွင့်ဆိုင် သမ္မတအဖွဲ့ဥက္ကဋ္ဌ ဇယ်လ်ဂျကို ကော့စ်မစ်က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်လို့ အမျိုးသားအသံလွှင့်ဌာန BHRT က ဖော်ပြခဲ့ပါတယ်။
ပင်စင်ဂေဟာ အဆောက်အအုံရဲ့ တတိယထပ်မှာ နေထိုင်တဲ့ ရူဇာ ကာဂျစ်ကတော့ သူမဟာ ကွဲအက်သံတွေကြားပြီးနောက် အိပ်ရာမှ နိုးလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရူဇာက “ကျွန်မ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ အပေါ်ကနေ မီးလောင်နေတဲ့ပစ္စည်းတွေ ပြုတ်ကျလာတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်မလည်း အခန်းအပြင်ဘက်စင်္ကြံထဲကို ပြေးထွက်လာခဲ့တယ်။ အပေါ်ထပ်တွေမှာ ကျန်းမာရေး မကောင်းလို့ အိပ်ရာထဲမှာ လဲနေတဲ့လူတွေရှိတယ်” လို့ BHRT ကို ပြောကြားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှ ရုပ်သံမှတ်တမ်းမှာ ပင်စင်ဂေဟာရဲက အပေါ်ထပ်ပြတင်းပေါက်တွေက မီးတောက်တွေ ပေါက်ကွဲနေတာကို ပိုတွေ့ကြရပါတယ်။
တွတ်ဇလာတက္ကသိုလ် ဆေးခန်းဌာနမှ ပြောရေးဆိုခွင့်ရှိက လူနာအများအပြားဟာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်လို့ ကုသမှုခံယူနေရပြီး သူတို့အနက် သုံးဦးမှာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Ref- bbc



