၅.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ အဓိက ကုန်တင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ UPS Airlines မှ ကုန်တင်လေယာဉ်ကြီးတစ်စင်းဟာ နိုဝင်ဘာလ ၄ ရက်က အမေရိကန်ပြည်ထောင်စု၊ ကန်တပ်ကီပြည်နယ်၊ လူဝီဗီးလ်မြို့ နိုင်ငံတကာလေဆိပ်မှ ပျံအတက်မှာ ပျက်ကျပြီး မီးလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲခဲ့ရာမှာ လေယာဥ်ပေါ်ရှိလူသုံးဦးနဲ့ မြေပြင်ရှိလူလေးဦးတို့ အပါအဝင် အနည်းဆုံးလူခုနစ်ဦးသေဆုံးခဲ့ရပြီး မြေပြင်မှ လူ ၁၁ ဦးလည်း ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။


နေဝင်ချိန်မတိုင်မီလေးမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါလေယာဉ်ပျက်ကျမှုမှ မီးတောက်တွေက လေဆိပ်နဲ့ ကပ်နေတဲ့ စက်မှုလုပ်ငန်းစင်္ကြံတစ်ခုရှိ မြေပြင်ပေါ်မှာ မီးလောင်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အာဏာပိုင်တွေဟာ လေဆိပ်လုပ်ငန်းတွေကို တစ်ညလုံးရပ်ဆိုင်းထားရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
UPS Worldport သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရဲ့ လေကြောင်းကုန်စည်လုပ်ငန်းတွေအတွက် ကမ္ဘာလုံးဆိုင်ရာဗဟိုချက်နဲ့ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီရဲ့အကြီးဆုံးပါဆယ်ကိုင်တွယ်ရေးဌာန တည်ရှိရာ လူဝီဗီးလ်မြို့လေဆိပ်ကို နိုဝင်ဘာလ ၅ ရက် နံနက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ မျှော်လင့်ရပါတယ်။ လေယာဉ်ပျက်ကျမှုမှ အပျက်အစီးတွေကတော့ လေယာဉ်ပြေးလမ်းနှစ်ခုမှာ ပြန့်ကျဲနေခဲ့တာတွေ့ ကြရပါတယ်။

UPS က နိုဝင်ဘာ ၄ ရက်ညမှာ ထုတ်ပြန်တဲ့ ဝန်ဆောင်မှုသတိပေးချက်မှာ လေကြောင်းနဲ့ နိုင်ငံတကာ ပါဆယ်ပို့ဆောင်မှုတွေအတွက် စီစဉ်ထားတဲ့ ပို့ဆောင်ချိန်တွေဟာ အခုအဖြစ်အပျက် အနှောင့်အယှက်ကြောင့် ထိခိုက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက အခြေအနေခွင့်ပြုတဲ့အတိုင်း ကုန်ပစ္စည်းတွေ သူတို့ရဲ့နောက်ဆုံးဦးတည်ရာသို့ အမြန်ဆုံးရောက်ရှိစေဖို့ အရေးပေါ်အစီအစဉ်တွေကို ချမှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
အင်ဂျင်သုံးလုံးတပ် ကုန်တင်လေယာဉ်ဟာ ဟိုနိုလူလူကို ၈ နာရီခွဲကြာ ပျံသန်းမှုအတွက် လောင်စာဆီ ဖြည့်တင်းထားခဲ့တာပါ။ လေယာဉ်မှာပါတဲ့ လေယာဉ်အမှုထမ်းသုံးဦးမှာလည်း မည်သူမျှ အသက်ရှင်ကျန်ရစ်တာ မရှိဘူးလို့ UPS က ပြောကြားခဲ့ပါတယ်။
လူးဝစ်ဗီးလ်မြို့တော်ဝန်ကရေ့ဂျ် ဂရင်းဘာ့ဂ်က ညဉ့်နက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ မြေပြင်မှာလည်း သေဆုံးသူလေးဦး ရှိတယ်လို့ အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁ ဦးကို ဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်လေကြောင်းသွားလာမှုဘေးကင်းရေးကျွမ်းကျင်သူနဲ့ လေယာဉ်မှူး ဂျွန်ကော့စ်က စုံစမ်းစစ်ဆေးသူတွေဟာ အင်ဂျင်သုံးလုံးပါ လေယာဉ်ရဲ့ ပထမအင်ဂျင် မီးလောင်ပြီးနောက် ဘာဖြစ်လို့ ဆက်လက်မပျံသန်းနိုင်ခဲ့တာလဲဆိုတဲ့အချက်ကို လေ့လာဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒေသစံတော်ချိန် ည ၇ နာရီအထိ လေဆိပ်အနီးမှာ ဆက်လက်မီးလောင်နေဆဲလို့ သိရပါတယ်။
ပြည်ထောင်စု လေကြောင်းပျံသန်းမှုစီမံခန့်ခွဲရေး အေဂျင်စီ (FAA) ရဲ့ မှတ်တမ်းတွေအရ ပျက်ကျခဲ့တဲ့ MD-11 ကုန်တင်လေယာဉ်ဟာ သက်တမ်းအားဖြင့် ၃၄ နှစ်ရှိပြီလို့ဆိုပါတယ်။ Flightradar24 မှ အချက်အလက်တွေအရ လေယာဉ်ဟာ အမြင့်ပေ ၁၇၅ ပေအထိ မြင့်တက်ခဲ့ပြီး အမြန်နှုန်း ၁၈၄ Knots ထိရောက်ရှိပြီးမှ မြေပြင်ကို အရှိန်ပြင်းစွာနဲ့ ပျက်ကျပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
Ref- Reuters
