၅. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ဦးမော့မှုသည် အောက်တိုဘာလတွင် နှေးကွေးသွား၍ လုပ်ငန်းမျှော်မှန်းချက်များ အနည်းငယ်မျှသာ အပြုသဘောဆောင်ပြီး ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများပြန်ထန်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြန်ဦးမော့ခဲ့ပြီး ဩဂုတ်လတွင် PMI အညွှန်းကိန်းအမှတ် ၅၀ အထက်သို့ ရောက်ရှိခဲ့ကာ စက်တင်ဘာလတွင် ထပ်မံဦးမော့မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် အောက်တိုဘာလတွင် သုံးလဆက်တိုက်အဖြစ် အပြုသဘောဆောင်သည့် အလယ်မှတ်စံနှုန်း ၅၀ အထက်တွင် ဆက်ရှိနေခဲ့သော်လည်း PMI အညွှန်းကိန်းသည် စက်တင်ဘာလတွင် ၅၃ ဒသမ ၁ ရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၁ ဒသမ ၅ သို့ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။
“အောက်တိုဘာလမှာ PMI က သုံးလဆက်တိုက်အဖြစ် တိုးချဲ့မှုအပိုင်းမှာ ဆက်ရှိနေခဲ့တာကြောင့် ၂၀၂၅ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်က ပထမနှစ်ဝက်ထက် ပိုပြီးအပြုသဘောဆောင်တာကို ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်” ဟု S&P Global Market Intelligence မှ စီပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
အမှာစာအသစ်များ ဆက်တိုက်တိုးချဲ့မှုရသည့် အထောက်အထားနှင့်အတူ ယခုလပိုင်းများတွင် ဝယ်လိုအား အလားအလာများ တိုးတက်လာသည်ဟု ထုတ်လုပ်သူများက အစီရင်ခံကြပြီး နောက်ဆုံးရ တိုးပွားမှုက အားနည်းသည့်တိုင်အောင် ထုတ်လုပ်ရေးတွင် အသင့်အတင့်မြင့်တက်မှုတစ်ခုကိုလည်း တွေ့ရကြောင်း သိရသည်။
“ကုန်ပစ္စည်းနဲ့ လုပ်သားပြတ်လပ်မှုတွေက ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုမှာ ပိုမိုပြီး သိသာထင်ရှားတဲ့ ကျဆင်းမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အပိုလုပ်ဆောင်နိုင်စွမ်းနဲ့ လက်ကျန်ပစ္စည်း အဆင့်တွေအပေါ် ဖိအားတွေ ဆက်လက်တင်းမာနေပြီး ဈေးနှုန်းဖိအားတွေကလည်း ပိုပြီးတော့ ပြင်းထန်ခဲ့ပါတယ်” ဟု Maryam Baluch က ပြောကြားသည်။
ထို့ပြင် အနာဂတ်အတွက် ရှုမြင်သုံးသပ်ချက်တွင် စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ခုလုံးတွင် ယုံကြည်စိတ်ချမှုအဆင့်က အနည်းဆုံးဆက်ဖြစ်နေကြောင်း၊ လက်ရှိတွင် အပြုသဘောဆောင်သည့် စွမ်းဆောင်ရည်ရှိသည့်တိုင် ကုမ္ပဏီများက ၎င်းတို့၏ ထုတ်လုပ်ရေး ရှုမြင်သုံးသပ်ချက်နှင့် ပတ်သက်ပြီး သတိထား ဆက်လက်လုပ်ဆောင်နေကြသည်ကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။
အလုပ်ခန့်အပ်မှုသည် လျော့နည်းမှုအပိုင်းတွင် ခိုင်မာစွာဆက်ရှိနေပြီး လျော့ကျသည့်နှုန်းသည် ခိုင်မာခဲ့ကာ ဖေဖော်ဝါရီလနောက်ပိုင်းတွင် အားအကောင်းဆုံးဖြစ်ခဲ့သည်။ အခြားနေရာများတွင် ငွေကြေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်မှုနှင့် အလုပ်သမားများက ၎င်းတို့၏ မွေးရပ်မြေများသို့ ပြန်သွားကြခြင်းတို့က ဆန္ဒအလျောက် အလုပ်ထွက်မှု ပမာဏများစွာကို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီများသည် လုပ်သားအင်အားစုများကို ထိန်းထားရန် ဆက်လက်ရုန်ကန်ခဲ့ရကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ဝယ်ဈေးများသည် အောက်တိုဘာလတွင် သိသာစွာ မြင့်တက်ခဲ့ပြီး ဖောင်းပွမှုနှုန်းသည် ရှစ်လအတွင်း အားအကောင်းဆုံးဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ကုမ္ပဏီများသည် ၎င်းတို့၏ ကိုယ်ပိုင်စက်ရုံထုတ်ဈေး အဖိုးအခများကို ချိန်ညှိခဲ့ကြပြီး အသင့်အတင့်ဖြစ်သော်လည်း ထုတ်လုပ်မှုအဖိုးအခ ဖောင်းပွမှုနှုန်းသည် မတ်လနောက်ပိုင်းတွင် အမြန်ဆုံးဖြစ်ခဲ့သည်။
