၅.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ် မြို့တော်ဝန်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၄ ရက်က ကျင်းပခဲ့ရာမှာ အိန္ဒိယနွယ်ဖွားတစ်ဦးဖြစ်တဲ့ အသက် ၃၄ နှစ်ရှိ မွတ်စလင်ဘာသာဝင် ဇိုရန် မမ်ဒါနီက အနိုင်ရရှိကာ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ AP သတင်းဌာနက ကြေညာခဲ့ပါတယ်။
မဲအရေအတွက် ၇၅ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာပဲ မမ်ဒါနီက မဲအရေအတွက် အားလုံးရဲ့ ၅၀ ဒသမ ၄ ရာခိုင်နှုန်းကို ရရှိထားခဲ့တာပါ။ ထိုအချိန်မှာ သူ့ရဲ့ ပြိုင်ဘက် အင်ဒရူး ကူမိုက မဲအရေအတွက်ရဲ့ ၄၁ ဒသမ ၃ ရာခိုင်နှုန်း ရရှိထားလို့ သိပ်မကွာလှဘဲ အကြိတ်အနယ် ယှဉ်ပြိုင်နေကြဆဲပါ။ ဒါပေမယ့် မဲအားလုံးရေတွက်အပြီးမှာတော့ AP သတင်းဌာနက မမ်ဒါနီကို ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် အရှေ့ပိုင်းစံတော်ချိန် ည ၉ နာရီ ၃၄ မိနစ်မှာ ကြေညာခဲ့တာပါ။
ဒီအောင်ပွဲနဲ့အတူ မမ်ဒါနီဟာ နယူးယောက်မြို့တော်ဝန်ရာထူးကို ပထမဆုံး တာဝန်ထမ်းဆောင်မယ့် မွတ်စလင် အိန္ဒိယနွယ်ဖွားပုဂ္ဂိုလ်ဖြစ်လာခြင်းဖြင့် သမိုင်းကြောင်းကို ရေးသားခဲ့တာပဲလို့ ဆိုကြပါတယ်။
မမ်ဒါနီဟာ ရွေးကောက်ပွဲမှာ နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အင်ဒရူးကူမိုနဲ့ရီပတ် ဘလီကန်ကိုယ်စားလှယ်လောင်း ကာတစ်လီဝါတို့ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရွေးကောက်ခံဖို့ စက်တင်ဘာလမှာ ငြင်းဆန်ခဲ့ပေမယ့် မဲပေးပွဲမှာ ဆက်လက်ရှိနေခဲ့တဲ့ မြို့တော်ဝန် အဲရစ် အဒမ်စ်ရဲ့ နေရာကို မမ်ဒါနီက အစားထိုးတာဝန်ယူမှာလည်းဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ မမ်ဒါနီဟာ ဒီမိုကရက်တစ်ဆိုရှယ်လစ်ပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ရာစုနှစ်တစ်ခုအတွင်း နယူးယော့ခ်မြို့ရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာမှာလည်းဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းမှာ အဆင့်သတ်မှတ်ထားတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ပဏာမရွေးကောက်ပွဲမှာ ၁၂ မှတ်နဲ့ အနိုင်ရရှိပြီးနောက်မှာ ရေပန်းစားလူကြိုက်များသူအဖြစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
မမ်ဒါနီ အသက်ငါးနှစ်အရွယ်မှာ သူတို့မိသားစုဟာ တောင်အာဖရိကနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး သူအသက်ခုနစ်နှစ်အရွယ်မှာတော့ နယူးယော့ခ်မြို့မှာ အခြေချခဲ့ကြတာပါ။
Ref : Hindustan Times
