၃.၁၁.၂၀၂၅
Written by Hey Mar

ထိုင်းနိုင်ငံ၊ မလေးရှားနယ်စပ်ရှိ ဆုန်ခလာမြို့မှာလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း မတော်တဆမှု ဖြစ်ပွားပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ ထိုက်သင့်တဲ့ နစ်နာကြေးရရှိနိုင်ဖို့ နယ်မြေခံ ပကန်စခွန်ရုံးနဲဲ့ ဆာဝါဒိကန်ရုံး တွေဆီ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Worker Alliance Group မှ ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ သွားရောက် ကူညီတိုင်ကြားပေးခဲ့တယ်လို့ အဆိုပါ WAG တာဝန်ရှိသူထံကနေ သိရပါတယ်။
ဖြစ်စဉ်တွေက လုပ်ငန်းခွင်မတော်တဆမှုနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးအနက် ပထမတစ်ဦးဖြစ်သူ ကိုကျော်မိုးလှိုင်က ထိုင်းနိုင်ငံ၊ မလေးနယ်စပ်ရှိ ဆုန်ခလာခရိုင်၊စဒေါင်မြို့၊ဖန်လားကျေးရွာက (ဆောက်လုပ်ရေးလုပ်ငန်း )မှာ အလုပ်လုပ်နေတဲ့ မြန်မာ(MOU)အလုပ်သမားလို့ သိရပါတယ်။

အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေစဉ် အခုနှစ် မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ပွန်းလောင်းတဲ့အလုပ်လုပ်နေရင်း ကရိန်းကြိုးနဲ့ ဓာတ်ကြိုး ထိပြီး ဓာတ်လိုက်သွားရာ ညာဘက်ခြေထောက် ဒူးအောက်ပိုင်းထိ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ဖြစ်ချင်းဟတ်ယိုင်ဆေးရုံဆီ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေပြီး ခြေထောက်ဒူးအောက် ခြေသလုံး အလယ်လောက်ကနေဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ ၄၁ ရက်ကြာဆေးကုသမှုခံယူခဲ့ရပြီး ဆေးကုသမှုစရိတ်တွေကို ထိုင်း လူမှုဖူလုံရေးစရိတ် (ပကန်စခွန်) နဲ့ ရှင်းရပြီး ဆေးရုံက ဆင်းပြီးနောက်အနားယူနေစဉ် လုပ်အားခ ၃ လစာထည့်ပေးပြီး စားစရိတ်တစ်ရက် ၅၀ ဘတ် အလုပ်ရှင်က ပေးကြောင်းနဲ့ သူ့ရဲ့ ဆုံးရှုံးနစ်နာမှုအတွက်တော့ သူဌေးက နစ်နာကြေးပေးဖို့ တာဝန်မယူလို့ ထိုက်သင့်တဲ့ နစ်နာကြေး ပြန်လည်ရရှိဖို့အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အောက်တိုဘာ ၂၆ ရက်နေ့က စတင် အကူအညီတောင်းခံလာတာလို့ သိရပါတယ်။
နောက်တစ်ဦးကလည်း ထိုင်းနိုင်ငံ၊ ဆုန်ခရာခရိုင်ဟတ်ယိုင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားပဲ ဖြစ်ပြီး PJ ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ကိုအောင်အောင်လို့ သိရပါတယ်။ သူက အဲ့ဒီအလုပ်မှာ လုပ်ကိုင်နေတာ ၄ နှစ်ကျော်ကြာပြီလို့ ဆိုကာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်က သစ်ဖြတ်တဲ့ စက်နဲ့ သစ်သားတိုင်ကိုဖြတ်ရာ စက်က ပြန်ကန်လာပြီးမျက်နှာကိုထိမိတာကြောင့် သူ့ရဲ့ အောက်သွားဖုံးနဲ့ အင်္ကျီစမှာ စက်ထဲကို ငြိပါသွားပြီး ဘယ်ဘက်လက်မ တစ်ဝက်လည်း ပြတ်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဆေးကုသမှုစရိတ်ကို စက်ရုံက ရှင်းပေးရပြီး စက်ရုံသူဌေးက ကိုအောင်အောင်ရဲ့ ဆုံးရှုံးနစ်နာမှုအတွတ် ဆေးကုသမှုစရိတ်လောက်သာရှင်းပေးပြီး နစ်နာကြေးကို တာဝန်ယူမှုတာဝန်ခံမှုမရှိတာမို့ ကူညီဆောင်ရွက်ပေးဖို့ WAGအလုပ်သမားမဟာမိတ်အဖွဲထံ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က အကူအညီတောင်းခံလာတာမို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကာယကံရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ အလုပ်ရှင်သူဌေးက ကိုအောင်အောင်ကို တာဝန်မယူချင်လို့ အလုပ်မှထုတ်ပစ်ထားပြီးသက်ဆိုင်ရာဌာနတွေမှာလည်း သူ့အလုပ်က အလုပ်သမားမဟုတ်ကြောင်း ထွက်ဆိုထားတာကြောင့် နစ်နာသူအတွက်ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက WAG ထံ လုပ်ငန်းခွင်မတော်တဆမှုနဲ့ လက်တစ်ဖက်စီ ဆုံးရှုံးခဲ့ရတဲ့ မြန်မာလုပ်သား အမျိုးသမီးနှစ်ဦးရဲ့ အရေးနဲ့ ပတ်သက်ပြီးလည်း သက်ဆိုင်ရာ နယ်မြေခံ ပကန်စခွန်တာဝန်ရှိသူရှေ့မှာ အဆိုပါ လုပ်ငန်းရှင်သူဌေးတွေကို ဆက်သွယ်ခေါ်ယူဖြေရှင်းရာ တာဝန်ယူဆောင်ရွက်ပေးမယ်ဆိုတဲ့ ခံဝန်ကတိ လက်မှတ် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
