




၃.၁၁.၂၀၂၅
Written By Thandar
Duet Picture Production က Horror နဲ့ ရသစုံဇာတ်လမ်းပုံစံ “ပြန်မပြောရ” ရုပ်ရှင်ဇာတ်ကားကြီး စာ နယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စိမ်းလန်းစိုပြေမှာ ကျင်းပခဲ့ပါတယ်။
“လူငယ်တွေချည်း အဓိကကြိုးစားထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Quality ရုပ်ရှင်တစ်ကားဖြစ်ဖို့ ခက်ခဲနေတဲ့အချိန်မှာ လူငယ်တွေအသစ်တွေကို အခွင့်အရေးပေးထားတဲ့ ထုတ်လုပ်ရေး ဒွိ (Duet picture) ရဲ့ ပထမဆုံး ကားဖြစ်ပါတယ်။ ဒီ ရုပ်ရှင်က ဇာတ်လမ်း ၃ ခုကို ကျောရိုးတစ်ခုတည်းနဲ့ ဖန်တီးထားပါတယ်။ ၂ နာရီခွဲနီးပါး တန်အောင်ကြည့်ရမှာပါ။ ဇာတ်လမ်း သုံးခု၊ ရသသုံးမျိုး ခံစားရမှာပါ။ Horror ရယ် Comedy၊ Drama နဲ့ Romance အပြင် Thriller အကုန်ပါပါတယ်။ Genre များပေမယ့် ရောထွေးမနေပါ။ ကျွံထွက်မနေပါ။ လာကြည့်ပြီးရင် ခံစားရမှာပါ” လို့ ဒါရိုက်တာ ဒါရိုက်တာ Lucius Wayne က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို Producer ထက်ထက်ရှိန်၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း၊ ဒါရိုက်တာ Lucius Wayne က သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲထိုက်၊ သိန်းလင်းစိုး၊ ကျော်ဇော၊ ရဲနောင်ချိူ၊ စွမ်းထက်ညီညီ၊ အောင်ဇေယျ မင်းထင်၊ သူရိန်ဝင်း၊ မေတိုးခိုင်၊ သီရိစိုး၊ ဆုထက်၊ သီရိကျော်၊ ပြည့်ပြည့်၊ ဆောင်း၊ ရာဇာနေဝင်း၊ စိုးမိုးကြည်၊ လင်းဇာနည်ဇော်၊ ဇင်မိုး၊ ညီဂျော်၊ ဇွဲဝီရ၊ စည်သူထက်တို့နဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။




“ဖူးတို့ အနုပညာလူငယ်တွေအနေနဲ့ တက်ညီလက်ညီ ကြိုးစားထားတဲ့ ကားလည်းဖြစ်တယ်။ ပရိသတ်တွေအနေနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေက တစ်ခန်းနဲ့တစ်ခန်း အချိတ်အဆက်မိမိလေးနဲ့ ရင်ထဲကျန်ခဲ့မယ်ကားလို့ ဖူးအနေနဲ့ ပြောချင်ပါတယ်။ ရုံတင်ရင် အရေးအကြီးဆုံးက ပထမဆုံးရက်ဖြစ်ပါတယ်။ ရုံငှားပြတဲ့ကားမို့ ပထမရက်မှာ ပရိသတ်တွေလာကြည့်မှ ရုံပေါ် မှာဆက်ရှိမယ့် ကားလည်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ပထမရက် သောကြာနဲ့ စနေ၊တနင်္ဂနွေ Total ၃ ရက်ကို ဆက်ဆက်လာကြည့်ပေးကြဖို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မေတိုးခိုင်ကပြောပါတယ်။
“ပြန်မပြောရ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
