၃. ၁၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို မာရဝိဇယဗုဒ္ဓဥယျာဉ် ရေပန်းရင်ပြင်တော်၌ ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညိုကြသည်။
ယာယီသမ္မတနှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “ဇယ မင်္ဂလာစာတမ်းလွှာ” ကို ဖတ်ကြားသည်။





ထို့နောက် ယာယီသမ္မတနှင့် ဇနီးတို့က ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
၎င်နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်၍ အချက်ပေးရာ ယက္ကန်းအဖွဲ့များ ယက္ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်း တော်များကို စတင်ရက်လုပ်ကြသည်။
ထိုသို့ ယက္ကန်းအဖွဲ့များက ယက္ကန်းစတင်ရက်လုပ်သည်နှင့်တစ်ပြိုင်နက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” တေးသီချင်းဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြပြီး အခမ်းအနား တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင် နက် လွှတ်တင်ကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက ယိမ်းအကအလှများ၊ အိုးစည်ဒိုးပတ်များ၊ တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြ ဖျော်ဖြေကြသည်။
ယာယီသမ္မတနှင့်ဇနီး၊ ဧည့်ပရိတ်သတ်တို့က ဧည့်ပရိသတ်များသည် ယက္ကန်းစင်တော် ၁၅ ခုမှ ယက္ကန်းအဖွဲ့များ၏ မသိုးရွှေကြာ သင်္ကန်းရက်လုပ်နေမှုများကို ယက္ကန်းစင်တော်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ယာယီသမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ညမီးကြီး မီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။





ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် ရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများ ကျင်းပလျက်ရှိသည်။
ထို့အတူ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့်အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းတို့နှင့် အတူ နိုင်ငံတော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် တင်ဆက်လျက်ရှိပြီး စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
