နေမိုး
၃. ၁၁. ၂၀၂၅
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ PDF စခန်းကို တပ်မတော်က အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုတို့ဖြင့် ယနေ့နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ PDF ငါးဦးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီခန့်အချိန်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KSP စခန်းကို တပ်မတော်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၂၅၀ ဗုံးကျဲချပြီးနောက် မိုးဗြဲမြို့ဘက်မှ တက်လာသော အသေခံဒရုန်းဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့မှုအတွင်း KSP မှ PDF ငါးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

KSP သည် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီလက်အောက်ခံ လက်နက်ကိုင် ရဲတပ်ရင်းဖြစ်ပြီး ယနေ့ တိုက်ခိုက်မှုအတွင်း KSP မှ PDF အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးမှုတွင် တစ်ဦးသာ အလောင်းပြန်ရပြီး ကျန်သူများမှာ အလောင်းပင်ရှာမရအောင် သတင်းပေး၏ နေရာအတိအကျညွှန်ပြမှုဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဟုလည်း သိရသည်။
