





၃.၁၁.၂၀၂၅
Written and Photo by Nay Yaung Lin
ရွှေတိဂုံစေတီတော်တွင် (၃၇) ကြိမ်မြောက်မသိုးသင်္ကန်း ရက်လုပ်ပူပွဲဇော်ပြိုင်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ ညနေ ၄ နာရီခွဲတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကြီးမှူးကျင်းပသည့် (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူပွဲဇော်ပြိုင်ပွဲတွင် ကုသိုလ်တော်အသင်းများမှ ရက်ကန်းစင်(၉) စင်က ပါဝင်ရက်လုပ် ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါအခမ်းအနားကို ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တာဝန်ရှိသူများ၊ ရက်ကန်းပညာရှင်များ၊ ချည်ထည်ပညာရှင်များ၊ ရက်ကန်းစင် (၉)စင်မှ ပြိုင်ပွဲဝင်အဖွဲ့သားများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ဘုရားဖူးလာဧည့်ပရိသတ်များကလည်း မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။








(၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူပွဲဇော်ပြိုင်ပွဲတွင် (၁) ပုလဲရတနာစင်တော်၊ (၂) ပတ္တမြားရတနာစင်တော်၊ (၃) ဥဿဖုရားရတနာစင်တော်၊ (၄) စိန်ရတနာစင်တော်၊ (၅) မြရတနာစင်တော်၊ (၆) ကျောက်စိမ်းရတနာစင်တော်၊ (၇) ရွှေရတနာစင်တော်၊ (၈) နီလာရတနာစင်တော် နှင့် (၉) သန္တရတနာစင်တော်တို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုကို သိန်း ၄၀ ကျပ်၊ ဒုတိယဆု ၃၅ သိန်းကျပ်၊ တတိယဆု သိန်း ၃၀ ကျပ်၊ စတုတ္ထဆု ၂၅ သိန်းကျပ်နှင့် နှစ်သိမ့်ဆုများကို ၁၅ သိန်းကျပ်စီချီးမြှင့်သွားမည်ဖြစ်သည်။
(၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့ပေါင်း (၈၄)သင်းရှိသည့် အနက် ဆန္ဒပြုထားသော အသင်းများမှ ပြိုင်ပွဲဝင်ခွင့်ရသော အသင်း(၉)သင်းက ယှဉ်ပြိုင်ရက်လုပ်လျက်ရှိပြီး ညနေ(၅)နာရီမှ ည(၉)နာရီအထိ အချိန်ကာလ (၄)နာရီကြာ ယှဉ်ပြိုင်ရက်လုပ်ကာ ရရှိသည့်ပိတ်သားအပေါ် အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေး အမှတ်ပေးပြီး ဆုအဆင့်သတ်မှတ်၍ဆုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုနောက် ဝိနည်းတော်နှင့်အညီ ညတွင်းချင်း ချုပ်လုပ်ပြီး လပြည့်နေ့ အရုဏ်မတက်မီ သတ်မှတ်ထားသည့် ဗုဒ္ဓရုပ်ပွါးတော်(၉)ဆူတို့တွင် စည်ကား သိုက်မြိုက်စွာ စည်းစည်းလုံးလုံး၊ သိုက်သိုက်ဝန်းဝန်းစုပေါင်းလှည့်လည်ပူဇော် ကပ်လှူသွားမှာဖြစ်သည်။
