


၃. ၁၁. ၂၀၂၅
Written by Nay Yaung Lin
ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဝိုင်ဖိုင်အင်တာနက်လိုင်းဆက်လက်ပြတ်တောက်လျက်ရှိပြီး ရေအောက်ကေဘယ်ကြိုးပြတ်တောက်မှုကြောင့် ပြင်ဆင်ရန် ၅ ရက်မှ ၇ ရက်ခန့်ကြာမြင်နိုင်သည်ဟု ပြည်တွင်းဝိုင်ဖိုင်လုပ်ငန်း Hi Internet က နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အသိပေးဖော်ပြလာခဲ့သည်။
ရန်ကုန်အပါအဝင် ဒေသအချို့ ဝိုင်ဖိုင်အင်တာနက်လိုင်းများ နိုဝင်ဘာ ၁ နေ့လယ်ပိုင်းကတည်းက သုံးစွဲမှုချို့ယွင်းချက်များဖြစ်ပေါ်ခဲ့ပြီး အင်တာနက်ဒေတာများ သုံးစွဲ၍ မရတော့သည်အထိ ဖြစ်ပေါ်ခဲ့ကာ နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းအထိ ပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်မြို့နေပြည်သူများထံမှ သိရသည်။
တာမွေမြို့နယ်နေသူတစ်ဦးက ” ဝိုင်ဖိုင်လိုင်းတွေက နိုဝင်ဘာ ၁ ရက်၊ ၂ နာရီလောက်ထဲက သုံးလို့မရတော့တာ။ ညရော၊ မနေ့က တစ်နေ့လုံးလည်း ပြန်ရနိုးနဲ့စောင့်နေတာ Wifi လိုင်းတော့တက်ပြီး ဒေတာအင်တာနက်ကျတော့ မရဘူး။ အဲဒီတော့ ဘာမှသုံးလို့မရဘူး။ အခု ဒီမနက်အထိလည်း လိုင်းက ပြန်မရသေးဘူး။ ဖုန်းလိုင်းအင်တာနက်တွေကို သုံးနေရတယ် ” ဟု ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် Hi Internet က ဖော်ပြချက်များ အသိပေးထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ၏ရေအောက်ပိုင်းနက်ဧရိယာရှိ UMO ပင်လယ်ငယ်ကြိုး (submarine cable) တွင် ချို့ယွင်းမှု ဖြစ်ပေါ်နေပြီး Cable ကြိုးပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
“လက််ရှိ ဖြစ်ပေါ်နေသော Issue သည် မြန်မာနိုင်ငံရေဧရိယာအတွင်းရှိ UMO ပင်လယ်ငယ်ကြိုး (Submarine cable) တွင် ချို့ယွင်းမှု ဖြစ်ပေါ်နေပြီး Cable ကြိုးပြတ်တောက်မှုဖြစ်သွားတဲ့အတွက် ပြန်လည်ပြုပြင်် ပြင်ဆင်ဖို့အတွက် ခန့်မှန်းကြာချိန် 5 ရက် သို့မဟုတ် 7 ရက်ခန့်ကြာမြင်နိုင်ပါသည်။ ပြုပြင်ရေးအခြေအနေသည် သဘာဝပတ်ဝန်းကျင်အခြေအနေများအပေါ် မူတည်တာပြီး ကြာနိုင်တာမို့ အချိန်လေးစောင့်ဆိုင်းပေးပါအုံးရှင့် ” ဟု Hi Internet က ရေးသားဖော်ပြထားသည်။
ထိုသို့ ဝိုင်ဖိုင်အင်တာနက်လိုင်း မရသဖြင့် လုပ်ငန်းမှာ အနှောင့်ယှက်ဖြစ်သွားစေသည့်အတွက်လည်း တောင်းပန်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် Upstream Provider ချို့ယွင်းမှုကြောင့် ရန်ကုန်၊ ပြင်ဦးလွင်၊ မိထ္တီလာနှင့် မန္တလေးမြို့တို့ရှိ မြို့နယ်အချို့တွင် လိုင်းအသုံးပြု၍မရခြင်း၊ လိုင်းနှေးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ပြင်ဆင်မူများကို အင်ဂျင်နီယာ Team ဘက်မှ အချိန်နှင့် တစ်ပြေးညီ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်နေကြောင်း သိရသည်။
ပုံစာ – ရန်ကုန်မြို့ရှိ ဝိုင်ဖိုင်ကေဘယ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးလိုင်းများကို နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်။
