၃.၁၁.၂၀၂၅
Written by Hey Mar
အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှာ ကြိုးဆွဲချ (ဆွဲကြိုးချ) စီရင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့နိုဝင်ဘာ ၃ ရက်နေ့ မနက်အစောပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက် ၊ ရတနာလမ်းမဘက်အခြမ်း၊ ဗဟိုလမ်းမပေါ်ရှိ ဗန်ဒါပင်ပေါ်မှာ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့မနက် အစောပိုင်း ၂ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါရုပ်အလောင်းကိုတွေ့ရှိတဲ့ တာဝန်သိပြည်သူကပဲ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါဆိုတာမသိရှိရသေးသလို ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီး ရင်ခွဲရုံ ဆီ လူမှုကူညီရေးအသင်းကယာဉ်နဲ့ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
သေကြောင်းကြံစည်မှု ဖြစ်စဉ်တချို့နဲ့ ပတ်သက်လို့ ရဲနဲ့နီးစပ်သူတစ်ဦးက အရင်သေကြောင်းကြံစည်တဲ့ဖြစ်စဉ်အချို့မှာ မူးယစ်ဆေးသုံးစွဲမှုတွေ စစ်ဆေးတွေ့ရှိကြောင်းလည်း ရင်ခွဲစစ်ဆေးချက် အဖြေတချို့ကို ကိုးကားပြောဆိုပါတယ်။



ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့လည်း အဆောင်နေ လူငယ်တစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်းက အမျိုးသားအဆောင်တစ်ခုမှာ ဖြစ်ပွားခဲ့ပါသေးတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ အသက် ၂၅ နှစ်ဝန်းကျင် လူငယ်က သစ်ပင်ထိပ်ဖျားထိတက်ကာ ကြိုးဆွဲချစီရင်မှု ပြုလုပ်ခဲ့ပါသေးတယ်။
ရန်ကုန်မြို့ဧရိယာအတွင်း အခု၂၀၂၅ ခုနှစ်အတွင်း အဆုံးစီရင်မှုဖြစ်စဉ်တွေ အကြိမ် နှစ်ဆယ်နီးပါး ဖြစ်ပွားထားကြောင်း ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ကူညီလေ့ရှိတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တချို့က ရုပ်အလောင်းကောက်ယူရမှု အခြေအနေတချို့ကို မေးမြန်းစုံစမ်းမှုတွေအရ သိရှိရပါတယ်။
