၃. ၁၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမနိနေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်ပေးခဲ့သည်။





ယာယီသမ္မတနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ်များကို တစ်ပြိုင်နက် လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် “မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်” တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြရာ ယာယီသမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ယာယီသမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ညမီးကြီး မီးပုံးပျံများနှင့် စိန်နားပန် မီးပုံပျံများအား ပြိုင်ပွဲဝင်အသင်းများအလိုက် အသီးသီး လွှတ်တင်ပူဇော် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြပြီး လာရောက်အားပေးကြသည့် မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။








ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသ ရောင်းချခြင်းတို့နှင့်အတူ နိုင်ငံတော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲများဖြင့် တင်ဆက်မှုများကို စည်ကားသိုက်မြိုက်စွာဖြင့် စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
