◾ ကုန်ဈေးနှုန်းကျဆင်းရေး ဦးစားပေးဆောင်ရွက်မှုအပါအဝင် ပါတီကတိကဝတ် ၅ ရပ်အား အဓိကလုပ်ဆောင်မည်ဟု PPP ပါတီဥက္ကဋ္ဌ ပြောကြား
၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာသက်သက်ခိုင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဖြစ်စေ၊ မယှဉ်ပြိုင်နိုင်သည်ဖြစ်စေ PPP ပါတီကို မဲပေးကြပါဟု ယနေ့ ပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သတင်းစာရှင်းပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က မဲဆန္ဒရှင်များကို မေတ္တာရပ်ခံ ပြောကြားသည်။
PPP ပါတီအနေဖြင့် ငြိမ်းချမ်းရေးအတွက် အသင့်အတင့်သမားများဖြစ်ပြီး တော်လှန်ရေးကို မယုံကြည်ကြောင်းနှင့် တည်ဆောက်ရေးကိုသာယုံကြည်ကြောင်း၊ ထို့ကြောင့် ညှိနှိုင်းဆွေးမှုများဖြင့်သာ ငြိမ်းချမ်းရေး၊ ပြည်သူလူထု လူမှုဘဝစီးပွားရေးများကို တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း PPP ပါတီဥက္ကဋ္ဌက ပြောကြားသည်။
“ဒီဇင်ဘာ ၂၈ ရက်မှာ လုပ်မယ့်ရွေးကောက်ပွဲမှာဆိုရင် ကျွန်မအပါဆိုရင် ၆၇၂ ယောက် ကျွန်မတို့မှာ ရှိပါတယ်။ ကျွန်မ မပါခဲ့လို့ရှိရင် ၆၇၁ ယောက် ကျန်ပါသေးတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့ပါတီကို နိုင်ငံ့အကျိုးပြုဖို့လို့အတွက် ယုံကြည်တယ်ဆိုရင် ကျွန်မတို့ပါတီကို ကျွန်မ ရွေးကောက်ပွဲ ဝင်ရသည်ဖြစ်စေ၊ မဝင်ရသည်ဖြစ်စေ ကျွန်မတို့ပါတီကို မဲပေးကြပါလို့ ပြည်သူလူထု၊ မဲဆန္ဒရှင်တွေကို မေတ္တာရပ်ခံလိုပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌက ပြောကြားသည်။




PPP ပါတီအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး အနိမ့်ဆုံးလုပ်ခလစာအတွက် သုံးပွင့်ဆိုင်ညှိနှိုင်းရေး ချက်ချင်းဖော်ဆောင်မှုအပါအဝင် အချက် ၅ ချက်အား အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘာကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီကို မဲပေးသင့်တာလဲဆိုလို့ရင် နံပါတ်တစ်ကတော့ ကုန်ဈေးနှုန်းပါရှင့်။ ကုန်ဈေးနှုန်းဆိုတာ လူတိုင်းပေါ်မှာ၊ နိုင်ငံသားတိုင်းပေါ်မှာ သက်ရောက်မှုရှိတာဖြစ်ပါတယ်။ အဲဒါကြောင့် ကုန်ဈေးနှုန်းကို အမြန်ဆုံးကျဆင်းစေပြီး ပြည်သူများရဲ့ အကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ကျွန်မတို့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌက ပြောကြားသည်။
PPP ပါတီ၏ ကတိကဝတ် (၅) ရပ်မှာ ကုန်ဈေးနှုန်းကို အမြန်ဆုံးကျဆင်းစေပြီး ပြည်သူများ၏ အကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းပေးမည်။ အလုပ်အကိုင်အခွင့်လမ်းများနှင့် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားများ သုံးပွင့်ဆိုင်ညှိနှိုင်းရေးကို ချက်ချင်းဖော်ဆောင်မည်။ လူသားချင်းစာနာမှု အထောက်အပံ့ အမြန်ရစေပြီး ဘေးလွန်နှင့် ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်မည်။ လူငယ်များအတွက် အလုပ်အကိုင် အွင့်အလမ်းများ အမြန်ရှာဖွေပေးမည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် ပထဝီစီးပွားရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကုန်ဈေးနှုန်းကျဆင်းရေး ရက်-၁၀၀ လုပ်ငန်းစဉ်အဖြစ် ပြည်သူအား တိုက်ရိုက်ထောက်ပံ့ခြင်းနည်းလမ်းနှင့် ဝင်ငွေနည်း အိမ်ထောင်စုများထံ တိုက်ရိုက်ထောက်ပံ့မည်၊ တောင်သူနှင့် ကျေးလက်မိသားစုများထံ မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့် ချေးငွေပံ့ပိုးမည်၊ လုပ်သားထုအတွက် သင့်တင့်မျှတသော အနိမ့်ဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
