
၁.၁၁.၂၀၂၅.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဆရီကာကူလမ်ခရိုင်ရှိ Venkateswara Swamy ဘုရားကျောင်း၌ နိုဝင်ဘာလ ၁ ရက်တွင် လူများကြောက်လန့်၍ ကမူးရှူးထိုးပြေးကြသည့် လူအုပ်ပြိုမှုတစ်ခုကြောင့် အနည်းဆုံး လူဆယ်ဦး သေဆုံးခဲ့ရမှုတစ်ရပ် ဖြစ်ပွားခဲ့ရကြောင်း သိရသည်။။ ယင်းဖြစ်ရပ်သည် ကာဆီဘတ်ဂါမြို့ရှိ ဘုရားကျောင်း၌ Ekadashi ခေါ် လဆန်း ၁၁ ရက်အခမ်းအနားတွင် ဘုရားဖူးများ စုဝေးနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ် ချန်ဒရာ ဘာဘူ နေဒူးက ယင်းဖြစ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ဖော်ပြခဲ့ပြီးဘုရားဖူးများ၏ သေဆုံးမှုအတွက် ဝမ်းနည်းစာနာကြောင်း ပြောကြားခဲ့သည်။ ၎င်းက “ ဆရီ ကာကူလမ်ခရိုင်၊ ကာဆီဘတ်ဂါမြို့ရှိ Venkateswara ဘုရားကျောင်းတွင် လူအုပ်ပြိုမှုဖြစ်ရပ်သည် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ဤဝမ်းနည်းဖွယ်ဖြစ်ရပ်တွင် ဘုရားဖူးများ သေဆုံးခြင်းသည် အလွန်ဝမ်းနည်းဖွယ်ကောင်းပါသည်။ သေဆုံးသူများ၏ မိသားစုများအတွက် ကျွန်ုပ်အနေဖြင့် အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်း ပြောကြားလိုပါသည်” ဟု လူမှုကွန်ရက် X ရှိ ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

နေဒူးက ဒဏ်ရာရရှိသူများအား မြန်ဆန်ပြီး သင့်လျော်သော ကုသမှုပေးရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။ ထို့အပြင် ဒေသခံအရာရှိများနှင့် အစိုးရကိုယ်စားလှယ်များအား အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေးအစီအမံများကို ကြီးကြပ်ရန်လည်း ပြောကြားခဲ့သည်။
ဟိန္ဒူဘာသာဝင်တို့၏ အစာရှောင်သည့် Ekadashi ပွဲတော်အတွက် ဆုတောင်းရန် ဘုရားကျောင်းတွင် လူအုပ်ကြီး စုဝေးနေချိန်တွင်ပင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘုရားဖူးများ အလွန်အကျွံ စုဝေးနေခြင်းကြောင့် လူအုပ်ကြီး စုပြုံနေခဲ့ပြီး ရုတ်တရက် လူအုပ်ပြိုမှု ဖြစ်ပွားစေခဲ့ခြင်းဟုဆိုကြသည်။
ဖြစ်ရပ်တွင်ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
Ref- Hindustan Times
