၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ဟာ ဘန်ကောက်မြို့၊ ဘန်နာခရိုင်ရှိ ငှားရမ်းထားသော အိမ်ကြီးတစ်လုံးကို အောက်တိုဘာ ၂၉ ရက်၊ ညသန်းခေါင်ယံအချိန်မှာ ဝင်ရောက်စီးနင်းခဲ့ရာမှာ လူကုန်ကူးမှုရဲ့ သားကောင်တွေလို့ ယူဆရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦး အပါအဝင် နိုင်ငံခြားသား ၂၄ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ထိုစီးနင်းမှု စစ်ဆင်ရေးက မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားကို လူကုန်ကူးမှုသားကောင်တွေကို ရွှေ့ပြောင်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားတဲ့အုပ်စုတစ်ခုကို ပစ်မှတ်ထားခဲ့တာပါ။ အာဏာပိုင်တွေက ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦးအပြင် စင်ကာပူနိုင်ငံသား နှစ်ဦး၊ မလေးရှားနိုင်ငံသားနှစ်ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။ တခြား မလေးရှားသံသယရှိသူ ငါးဦးကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး လွတ်မြောက်နေဆဲဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဖမ်းဆီးမိသူတွေအနက် နှစ်ဦးမှာ တရားဝင်ပြည်ဝင် ခွင့်စာရွက်စာတမ်းများ မရှိဘဲ အခြားသူတွေကတော့ သူတို့ရဲ့ ဗီဇာသက်တမ်းကုန်ဆုံးရက်ကို ကျော်လွန်နေသူတွေဖြစ်တာ တွေ့ရှိခဲ့ကြပါတယ်။
ဖိလစ်ပိုင်သံရုံး သံအရာရှိဟောင်း ရဲမှူးကြီး ဒိုမီနာဒို မာတလန်ထံ ရောက်ရှိလာတဲ့ သတင်းအချက်အလက်တွေအရ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ တရုတ်လူမျိုးတစ်ဦးနဲ့အတူ မြန်မာနိုင်ငံ မြဝတီမြို့ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်က နယ်စပ်ရှိ KK Parks ဝင်းအတွင်းရှိ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို ပြီးခဲ့တဲ့အပတ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် သူတို့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ကနဦးတွေ့ရှိချက်တွေအရ အဆိုပါအဖွဲ့ဟာ အောက်တိုဘာ ၂၁ ရက်ဝန်းကျင်မှာ ထိုင်းနိုင်ငံကို ဝင်ရောက်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးခံရသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးအခြေအနေကို အတည်ပြုဖို့နဲ့ နောက်ထပ်မေးမြန်းဖို့အတွက် CIB ကို ပို့ဆောင်ခဲ့ပါတယ်။
ထိုအတောအတွင်းမှာ မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေတွေဟာ ပဋိပက္ခဇုန်တွေနဲ့ ကျားဖြန့်ဂိုဏ်း လိမ်လည်မှု အချက်အချာဖြစ်တဲ့နေရာတွေမှာတော့ လှောင်ပိတ်မိနေတဲ့ တခြား ဖိလစ်ပိုင် နိုင်ငံသားတွေအတွက် တင်းမာနေဆဲဖြစ်ပါတယ်။ သူတို့လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတုန်း မြဝတီရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်းတစ်ခုမှာ ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နောက်ထပ်ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦးဟာလည်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် အကာအကွယ်အောက်မှာ ခိုလှုံနေကြပါတယ်။
အခုလို သောင်တင်ိပတ်မိနေသူတွေအနေနဲ့ သူတို့ကို ကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကျပ် ပြန်လည်ခိုင်းစေခံရမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံသားလူကုန်ကူးမှုသားကောင် ၂၀၀ ကျော်ဟာ အခုအခါမှာတော့ ထိုင်းနယ်စပ်မြို့ မဲဆောက်မြို့ထဲကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြပြီး လက်ရှိမှာ နေရပ်ပြန်ပို့ခြင်းမပြုမီ စစ်ဆေးမှုလုပ်ငန်းစဉ်အရ စောင့်ဆိုင်းနေကြရပါတယ်။
Ref- inquirer.net
