◾️ ပယ်ဖျက်ခံရသည့် ကိုယ်စားလောင်း အများကြီးအနက် သူ့တစ်ယောက်ကိုသာ ထိုးနှက်တိုက်ခိုက်နေမှုများမှာ ၎င်းအား ကြောက်၍ဟုပါ ဖြေကြား
◾️ ပေးရန်ရှိတာဝန်ကို ငြင်းပယ်သူမဟုတ်၍ ကမ္ဘောဇဘဏ်ကို အောက်တိုဘာ ၃၀ ရက်နေ့က ကျပ်သိန်း ၅၀၀၀၀ ပေးသွင်းခဲ့ဟုပါ ဆို
၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခံထားရသည့် PPP ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ အသနားခံစာတင်ထားသော်လည်း UEC ဘက်က အကြောင်းပြန်ထားခြင်းမရှိသေးကြောင်း ယနေ့ ပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
“အခုအချိန်အထိ ကျွန်မပြောနိုင်တာကတော့ ကျွန်မ UEC ကို အသနားခံစာတင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလား၊ လက်မခံဘူးလားဆိုတာ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
UEC အနေဖြင့် PPP ပါတီဥက္ကဋ္ဌအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြားအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီး အောက်တိုဘာ ၂၁ ၇က်တွင် အဆိုပါကတ်အား UEC က ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြန်လည်ရုပ်သိမ်းရခြင်းနှင့် ပတ်သက်ပြီး UEC က PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အား သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၈(ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် တရားဝင် အသိပေးထုတ်ပြန်ထားသည်။
“ကျွန်မ အောက်တိုဘာ ၂၄ ရက်နေ့က စာပဲအရင်တင်လိုက်တာ။ အသနားခံစာတင်လိုက်တာ။ အောက်တိုဘာ ၃၀ ရက်နေ့ကတော့ ကျွန်မပေါ့ သိန်းငါးသောင်းပေါ့ ကမ္ဘောဇဘဏ်ကို သွင်းပြီးတော့မှ ကျွန်မဟာ ရိုးရိုးသားသားနဲ့ ဒီပေးရန်ရှိတာဝန်ကိုလည်း ငြင်းပယ်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲကို ဝင်ချင်တဲ့အတွက်ကြောင့်မို့ ဒီလို ရက်အတိုတိုအတွင်းမှာ ဒီလောက်များတဲ့ငွေပမာဏကို ကျွန်မ ကမ္ဘောဇဘဏ်ကို ပေးသွင်းထားပါတယ်ဆိုတာကို UEC ကို အောက်တိုဘာ ၃၀ ရက်နေ့က ငွေသွင်းပြီးတာနဲ့ တစ်ပြိုင်နက် တစ်ခါတည်းစာတင်လိုက်ထားပါတယ်။ စာနှစ်စောင်တင်ထားပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
အသနားခံစာတင်ထားမှုအား UEC ဘက်မှ ပယ်ချခဲ့ပါက PPP ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေး၊ ပါတီမူဝါဒများ၊ ပါတီနှင့်သက်ဆိုင်သည့် မူဝါဒများအား မီဒီယာများသို့ ဖြေကြားခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်လှယ်လောင်းအမည်စာရင်း ပယ်ဖျက်ခံသူ အများကြီးအနက် PPP ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် တစ်ယောက်တည်းကိုသာ ထိုးနှက်တိုက်ခိုက်နေမှုများက မည်သို့ကြောင့်နည်းဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် PPP ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြန်လည်ဖြေကြားရာတွင် “အဲဒါကျွန်မကို ကြောက်လို့ဖြစ်မှာပေါ့ရှင်” ဟု ပြန်လည်ဖြေကြားခဲ့သည်။





